ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးစပါးမျိုးစေ့ထုတ်ကွက်နှင့် စံပြကွက်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျွန်းလှ နိုင်ဝင်ဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးစပါးမျိုးစေ့ထုတ်ကွက်နှင့် စံပြကွက်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရ သည်။

“ဒီနှစ် ကျွန်းလှမြို့နယ်မှာ မိုးစပါးမျိုးစေ့ထုတ်ကွက် ဧက ၂၀၀ နဲ့ တစ်ဧက တင်း ၁၀၀ ထွက်ရှိ ရေးစံပြကွက် ဧက ၂၀ စိုက်ပျိုးထားပါတယ်။ အခုအခါ စပါးခင်းများ အောင်မြင်ဖြစ်ထွန်းနေပြီး မကြာခင် ရိတ်သိမ်းကြတော့မှာ ဖြစ်ပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

အဆိုပါ မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်စေရန်  မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးနှင့် ဝန်ထမ်းများက နည်းပညာပေးသင်တန်းများ ဖွင့်လှစ်ခြင်း၊ ပိုးမွှားကျရောက်မှုကင်းထောက် ခြင်း၊ မျိုးကွဲနုတ်ပယ်ခြင်း၊ ဓာတ်‌မြေဩဇာ အချိန်ကိုက် အချိုးကျ စနစ်တကျသုံးစွဲနည်းနှင့် တောင်သူ တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးစပါး ၃၄၀၉၃ ဧက စိုက်ပျိုးခဲ့ပြီး ဒေသ နှင့် ကိုက်ညီသည့် ဧရာမင်း၊ မနောသုခ၊ ရွှေသွယ်ရင်၊ ချမ်းမြေ့မေ စပါးမျိုးများ စိုက်ပျိုးကြကြောင်း သိရ သည်။

မျိုးဝင်းညို ကျွန်းလှ