ရှမ်းရွာသစ် နိုဝင်ဘာ ၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့သည် တောင်ယာလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းကို အဓိကထား စိုက်ပျိုးလုပ်ကိုင်သည့်မြို့ဖြစ်ပြီး နှစ်စဉ်၎င်းလုပ်ငန်းများနှင့် တွဲဖက်ကာ ဝဥတူးဖော်ရောင်းချသည့် လုပ်ငန်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းတွင် "ကျွန်မတို့ဒေသခံတောင် သူအများစုတွေဟာ လယ်လုပ်ငန်းနဲ့တွဲဖက်ပြီး ဝဥတူးဖော်ရောင်းချသည့်လုပ်ငန်းကို နှစ်စဉ်တစ်ပိုင်တစ်နိုင် လုပ်ကိုင်ကြပါတယ်။ ယခုလို ဝဥတူးဖော်ချိန် ရောက်ပြီဆိုရင် အနီးအနားပတ်ဝန်းကျင်မှာရှိတဲ့ တောတောင်များနှင့် မိမိတို့ အိမ်ခြံဝင်းတွေမှာ စိုက်ပျိုးထားတဲ့ ဝဥတွေကို တူးဖော်ရောင်းချကြပါတယ်။ ဝဥအပင်မှကျတဲ့ ဝဥအစေ့တွေကို ခြံဝင်းထဲမှ စိုက်ပျိုးရန်အတွက်ထားရှိပြီး ဝဥအကြီးတွေကို ဒိုင်တွေမှာ ပြန်ရောင်း ချကြပါတယ်။ ယခင်နှစ်က ဝဥတစ်ပိဿာ (၁၀၀၀) မှ (၂၅၀၀) ကျပ်အထိ ရောင်းချရပြီး ယခုနှစ်မှာ တစ်ပိဿာ ပေါက်ဈေး (၁၀၀၀) ကျပ်မှ (၁၅၀၀) ကျပ်ထိသာ ရရှိကြပါတယ်။ မိသားစု တစ်စု တစ်ရက် ဝဥတူးလျှင် (၅) ပိဿာမှ (၁၀) ပိဿာအထိ ရရှိသည့်အတွက်ကြောင့် မိသားစု အပိုဝင်ငွေရရှိကာ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ဝဥတူးဖော်ရောင်းချသည့် ဒေသနေ ပြည်သူတစ်ဦးက ပြောပြချက်အရ သိရှိရသည်။
ရှမ်းရွာသစ်မြို့တွင် ဝဥတူးဖော်ရောင်းချသည့် လုပ်ငန်းသည် နှစ်စဉ်အောက်တိုဘာလမှစ၍ လုပ်ကိုင် ကြရာ မြိုင်ကြီးငူအထူးဒေသနှင့် လှိုင်းဘွဲမြို့နယ်များမှ အဓိကထားလာရောက်ဝယ်ယူကြပြီး တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသည့် ဝဥစိုက်ခင်းများလည်း အောင်မြင်ဖြစ်ထွန်းကာ တူးဖော်ရောင်းချ ချိန်တွင် ဈေးကောင်းရရှိရန် မျှော်လင့်ကြကြောင်း သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)