ဘုတ်ပြင်း နိုဝင်ဘာ ၃
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ညနေက ဘုတ်ပြင်းမြို့ အုန်းတောကမ်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးမျိုးမြင့်လှိုင်က အသိပညာပေးဟောပြောပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍ ပြောကြားသည်။ ဆက်လက်၍ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူ ဦးဇော်သင်းက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းဖြစ်သည့် ပင်လယ်ဒီရေသစ်တောများ ထိန်းသိမ်းကာကွယ်ခြင်းနှင့် ရေသတ္တဝါများသာမက လူကိုအကျိုးပြုမှု အခြေအနေများ စသည့်တို့ကို လည်းကောင်း ဘုတ်ပြင်းမြို့ လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်မှ အုပ်ချုပ်ရေးမှူး ဦးကြည်ဦးက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်နှင့် သစ်ပင်များမှ လူကို ကျန်းမာရေး အကျိုးပြု မှုများ၊ ပလပ်စတစ် သုံးစွဲခြင်းကြောင်းဖြစ်ပေါ်နိုင်သည့် ဆိုးကျိုးများနှင့် လေးထုညစ်ညှမ်းမှုမဖြစ်ပေါ်စေရေးအတွက် ဆောင်ရန်ရှောင်ရန်များကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက ပတ်ဝန်းကျင်ကို ချစ်မြတ်နှိုးပါခေါင်းစဉ်တို့ဖြင့် အသီးသီးဟောပြောခဲ့ကြသည်။
ဆက်လက်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ လက်ကမ်းစာစောင်များ၊ စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များပြသထားရာ ကျောင်းသား ကျောင်း သူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)