ပြည်နယ်အစိုးရအဖွဲ့မှ ပြည်သူအခြေပြု ရပ်ကွက်၊ ကျေးရွာ ကာကွယ်စောင့်ရှောက်ရေး  အဖွဲ့ အတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်

ဘောလခဲ   စက်တင်ဘာ   ၁၈


ကယားပြည်နယ်တွင် ပြည်သူလူထုပူးပေါင်းပါဝင်သော ရဲလုပ်ငန်းစနစ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ရပ်ကွက်၊ ကျေးရွာကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကို ဘောလခဲ မြို့နယ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ ပြည်နယ်အစိုးရအဖွဲ့မှ ပြည်သူအခြေပြု ရပ်ကွက်၊ ကျေးရွာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့အတွက် ထောက်ပံ့ ပစ္စည်းများ ပေးအပ်ခြင်းကိုယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန အစည်းအ‌‌ ဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ခရိုင်ချုပ်ရေးမှူး ဦးသိန်းအောင်က အမှာစကားပြောကြားပြီး ခရိုင်ရဲတပ်ဖွဲ့ ယာယီ ဒုတိယရဲမှူးကြီး စောမောရှည်၊မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးနိုင်ဝင်းတို့က ပြည်သူအခြေပြု ရပ်/ကျေး ကာကွယ် စောင့်ရှောက်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များ၊ ဥပဒေနှင့် အညီ ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ လိုက်နာရမည့် ဥပဒေများ၊ လိုက်နာရမည့် အချက်များကို ရှင်းလင်း ပြောကြားကြသည်။
ဆက်လက်ပြီးတက်ရောက်လာကြသော ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက သိရှိလိုသည်များကို မေးမြန်းကြရာ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲမှူး၊ မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးနှင့် မြို့နယ်အုပ်ချုပ်‌ရေးမှူးတို့က မေးမြန်းချက်အပေါ် ပြန်လည်ရှင်းလင်း ဖြေကြားပြီး ပြည်သူအခြေပြု ရပ်/ကျေး ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းဆောင်ရွက်မည့် ရပ်ကွက်၊ ကျေးရွာများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။
ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်သူအခြေပြု ရပ်ကွက်၊ ကျေးရွာ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့အတွက်ထောက်ပံ့သည့်ပစ္စည်များမှာ လက်နှိပ်ဓါတ်မီး (၃) လက်၊ ရောင်ပြန်အင်္ကျီ (၁၀) ထည်၊ မိုးကာအင်္ကျီ (၁၀) ထည်၊ ဗီနိုင်း(၁) ခု၊ ပလပ်စတစ်ထိုင်ခုံ (လက်တန်းမပါ)(၁၂) ခုံ၊ ခေါက်စားပွဲ ၄ပေ၂ပေခွဲ(၂)လုံး၊ ဟန်းစပီကာ (၂) ခု၊ ရောင်ပြန်မီးချောင်း (၂) ချောင်း၊ ၈ပေ×၈ပေယာယီတဲ (၁) ခု၊ လည်ဆွဲကဒ်ပြားကြီး (၂၀) ခု၊ ဦးထုပ် (၂၀)လုံး၊ အရေးပေါ်မီးအိမ် (၂) ခု၊ Police Yellow Line (၂) ခု ၊ ဓာတ်ဗူး၊ ဖန်ခွက် (၁)စုံ၊ အထိုင်ဖုန်း (၁) လုံး၊ ရှေးဦးသူနာပြုဆေးသေတ္တာ (၁) ခု၊ White Board (၁)ခု၊ စာအုပ်နှင့် စာရေးကိရိယာရုံးသုံးပစ္စည်းများ (၁)စုံ ပါဝင်ပြီး စုစုပေါင်း ငွေကျပ် ငါးသိန်း တန်ဖိုးရှိကြောင်း သိရသည်။
ဖိုးရယ်