သာယာဝတီမြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

သာယာဝတီ   နိုဝင်ဘာ  ၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာအလယ်တန်းကျောင်း (သာယာဝတီ)၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် သာယာဝတီခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာနှင့် ဝန်ထမ်းများက မိုးကြိုကာလနှင့်မိုးနှောင်းကာလများတွင် မိုးကြိုးပစ်ခြင်း ဖြစ်ပေါ်လေ့ရှိကြောင်း၊ မိမိတို့ဒေသ အနီးတစ်ဝိုက်တွင် မိုးခြိမ်းခြင်းနှင့် လျှပ်စီးလက်ခြင်းတို့ မကြာခဏဖြစ်ပေါ်နေပါက မိုးကြိုးပစ်နိုင်သည့် အန္တရာယ်ရှိကြောင်း၊ လျှပ်စီးလက်ခြင်းမဖြစ်မီ ကြိုတင်လုပ်ဆောင်ရန်အချက်များ၊ လျှပ်စီးလက်မှုဖြစ်ပွားစဉ် နေအိမ်အတွင်းရှိနေလျှင်နှင့် အိမ်အပြင်တွင်ရှိနေလျှင် ဆောင်ရွက်ရန်အချက်များ၊ မြေပြိုဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန်အတွက် ပြင်ဆင်ရန်နည်းလမ်းများ၊ မြေပြိုမှုဖြစ်ပေါ်နေချိန်တွင် ပြုလုပ်ရန်အချက်များ၊ မြေပြိုမှုဖြစ်ပေါ်ပြီးချိန်တွင်ပြုလုပ်ရန် နည်းလမ်းများအားကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေး ဟောပြောခဲ့ပြီးလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထုတ်ဝေသည့် ဘေး(၈)မျိုးအန္တရာယ် အသိပညာပေးလက်ကမ်း စာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)