ဖျာပုံ နိုဝင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ပထမဦးဆုံး ဖွင့်လှစ်သင်ကြားမည့် ဖျာပုံမြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်ကျောင်းနှင့် PTTEP International Limited (Yangon Branch) and Andaman Transporttation Limited တို့ ပူးပေါင်းဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု "အလှပြင်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် (၂)နာရီအချိန်က ဖျာပုံမြို့ အိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာသင်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းက အမှာစကားပြောကြား ရာတွင်အသက်မွေးဝမ်းကျောင်းအထောက်အကူပြု "အလှပြင်သင်တန်း" ဖွင့်လှစ်ရခြင်းမှာ ပြည်သူများ အလုပ်အကိုင်ရရှိရေး၊ အမျိုးသမီးများရဲ့ဘဝ အသက်မွေးဝမ်း ကျောင်းမှု ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့ကို လူမှုဝန်ထမ်းဌာနအနေဖြင့် အမျိုးသမီများ ဒေသတွင်း အလုပ်အကိုင်များ ရရှိရေး၊ အိမ်တွင်းမှုကျောင်း များကို မြန်မာနိုင်ငံအတွင်း ကျောင်းပေါင်း(၁၁)ကျောင်း ဖွင့်လှစ်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ ဖျာပုံမြို့နယ်အနေဖြင့် အိမ်တွင်းမှုသက်မွေးဝမ်းကျောင်း ဖွင့်လှစ်ပြီး အမျိုးသမီးများအနေနဲ့ စက်ချုပ်သင်တန်းများ၊ ပန်းအလှပြင်သင်တန်းများ၊ မုန့်လုပ်နည်းသင်တန်းများ နှစ်စဉ်ဖွင့်လှစ်သင်ကြား ပေးလျက်ရှိရာ ယခုအလှပြင်သင်တန်းကို ယနေမှစ၍ တစ်လတိတိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ(၁၀)ဦးဖြင့် တစ်ကြိမ်လျှင် တစ်လကြာမြင့်ပြီး တစ်နှစ်လျှင်(၆)ကြိမ် ဖွင့်လှစ် သင်ကြားပေးမှာဖြစ်ကြောင်း၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အလှပြင်သင်တန်း ဖွင့်လှစ်ရခြင်းမှာ ဒေသခံပြည်သူများ၏ အလုပ်အကိုင် ရရှိရေးကို အထောက်အကူဖြစ်စေရေး၊ အမျိုးသမီး များ၏ စွမ်းဆောင်ရည်မြင့်မားစေရန်၊ အိမ်တွင်းမှုကျောင်းဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူဖြစ် စေရန်၊ အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်စေရန် အိမ်တွင်းမှုပညာရပ်များဖြင့် ကျွမ်းကျင်လုပ်သားများ ဖြစ်လာပြီး မိမိကိုယ်တိုင်ရပ်တည်နေထိုင်နိုင်စေရန် ရည်ရွယ်၍ အလှပြင်သင်တန်းဖွင့်ရခြင်းနှင့် ပတ်သက် ၍ ပြောကြားသည်။
ဆက်လက်၍ ဖျာပုံမြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်ကျောင်းသို့ PTTEP International Limited (Yangon Branch) မှ Mr. Arraya Chamitim က လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်နော်သဝါးက အသက် မွေးဝမ်းကျောင်း အထောက်အကူပြု အလှပြင်သင်တန်း ဖွင့်လှစ်နိုင်ရေး ကူညီဆောင်ရွက်ပေးကြသူများ အား ကျေးဇူးတင်စကားပြန်လည် ပြောကြားကြသည်။ ထို့နောက် အလှပြင်သင်တန်း၏ သင်ကြားရေး အထောက်အကူပြု ပစ္စည်းများ ဝယ်ယူရန်အတွက် PTTEP International Limited (Yangon Branch) and Andaman Transporttation Limited အလှူငွေကျပ် (၁၀၄)သိန်းကျော်အား ပေးအပ် လှူဒါန်း ကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ် သည်။ ဆက်လက်၍ ဖျာပုံမြို့နယ် အိမ်တွင်းမှုကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်စိုးစိုးမူက သင်တန်းဖွင့်လှစ်ဆောင်ရွက်မည့် အစီအစဉ်များနှင့် သင်တန်းတွင် သင်ကြားပို့ချပေးမည့် အစီအစဉ်များ အား အသေးစိတ်ရှင်းလင်းပြောကြားသည်။ ယနေ့ ဖွင့်လှစ်မည့် အလှပြင်သင်တန်းကို သင်တန်းသား၊ သင်တန်းသူ (၁၀)ဦးရှိပြီး သင်တန်းကို တစ်လတိတိ ဖွင့်လှစ် သင်ကြားပေးသွားမှာဖြစ်ပြီး တစ်နှစ်လျှင် (၆)ကြိမ်ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း၊ ဖျာပုံမြို့နယ် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်ကျောင်း တာဝန်ရှိသူထံမှ သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)