ကြို့ပင်ကောက် နိုဝင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၏ စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက အထက(ပန်းတင်)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဦးခင်မောင်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်ကချမှတ်ထားသော ပညာရေးဆိုင်ရာမဟာဗျူဟာများ နှစ်တိုနှစ်ရှည်စီမံကိန်းများအား စနစ်တကျစီမံခန့်ခွဲ့နိုင်မှသာလျှင် အရည်အချင်းနှင့်အရည်အသွေးရှိပြီး တွေးခေါ်မြော်မြင်နိုင်စွမ်းရှိသော လူသားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဆရာကြီးဦးစိုးသန်းက ပြောင်းလဲလာသော ပညာရေးစနစ်သစ်များ ထိရောက်အောင်မြင်စေရေးအတွက် ကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှုသည် အလွန်အရေးကြီးသောကြောင့် ယခုကဲ့သို့အလုပ်ရုံ ဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ အခြေခံပညာကျောင်းများမှ အထက်တန်း၊ အလယ်တန်း မူလတန်းကျောင်းအုပ်ကြီးများ စုစုပေါင်း(၁၇၁)ဦး တက်ရောက်ကြပြီး နည်းပြဆရာ(၅)ဦးတို့နှင့်အတူ နိုဝင်ဘာလ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)