ပွင့်ဖြူ နိုဝင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် (၂၅)ကြိမ် မြောက် ဌာနဆိုင်ရာပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ယနေ့ နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာရှိ ဝါးတောဘုန်းတော်ကြီးကျောင်းတိုက်တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များက နမောတဿ(၃)ကြိမ်ရွတ်ဆို၍ အခမ်း အနားကို ဖွင့်လှစ်ခဲ့ကြပြီး ဘုရားကုန်းကျေးရွာ ရွာဦးကျောင်းတိုက်မှ တိုင်းဝန်ဆောင်ဆရာတော် ဘဒ္ဒန္တဇောတိကထံမှ ငါးပါးသီးလ ခံယူဆောက်တည်ခဲ့ကြသည်။
ဆက်လက်၍ ပင့်သံဃာအရှင်သူမြတ်များက မေတ္တာသုတ်နှင့် အန္တရာယ်ကင်းပရိတ်တရားများ ရွတ်ဖတ် ပွားများကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လှူဒါန်းမှု အစုစု အတွက် အနုမောဒနာတရား နားကြားကာ ရေးစက်သွန်းချ အမျှအတန်းများ ပေးဝေခဲ့ကြပြီး သံဃာတော်အရှင်သူမြတ်များထံ ကထိန်သင်္ကန်း၊ စာရေးတံမဲနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသူများက ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြသည်။
ပွင့်ဖြူမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ဌာနဆိုင်ရာပေါင်းစုံ စုပေါင်းမဟာ ဘုံကထိန်ပွဲတော်ကို နှစ်စဉ်နှစ်တိုင်း စီစဉ်ကျင်းပပြုလုပ်လျက်ရှိရာ ယခုနှစ်တွင် (၂၅)ကြိမ်မြောက် ရှိပြီဖြစ်ကာ ဌာနဆိုင်ရာပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲ ဆက်ကပ်လှူဒါန်းရာတွင် ပင့်သံဃာ(၂၇)ပါး အား အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ အပါအဝင် စုစုပေါင်းတန်ဖိုး ငွေကျပ် ၇၆၅၆၀၀၀ အား ဆက် ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)