(၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန်းနဲစန် ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်

(၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန်းနဲစန် ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်

ဘားအံ နိုဝင်ဘာ ၃

နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် (၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ကရင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှဆောင်ရွက်သော မန်းနဲစန်ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခန့်က ဘားအံမြို့၊ အမှတ်(၁) ရပ်ကွက်ရှိ အဆိုပါ လမ်းသစ်မုခ်ဦးတည်နေရာ၌ ကျင်းပသည်။

ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကရင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့်အညီ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူနေမှုအဆင့်အတန်း မြင့်မားရေးအတွက် ဘက်စုံဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များအား လူ့စွမ်းအားအရင်းအမြစ်နှင့် နိုင်ငံ၏ ရေမြေသဘာဝသယံဇာတ အရင်းအမြစ်များအပေါ်မူတည်၍ စီမံကိန်းများ စနစ်တကျရေးဆွဲချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ဖွင့်လှစ်သည့် မန်းနဲစန်လမ်းသည် ဘားအံမြို့ အမှတ်(၁) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်နှင့်အမှတ်(၉) ရပ်ကွက်တို့ကို ဆက်သွယ်ထားသော ကွန်ကရစ်လမ်း တစ်လမ်းဖြစ်ပြီး တက္ကသိုလ်ပရဝုဏ်နှင့်ဆက်စပ်သည့် လမ်းပေါ်တွင် တည်ရှိသည့်အတွက် ကျောင်းသား/သူများနှင့် ခရီးသွားပြည်သူများ ကန်သာယာသို့လွယ်ကူစွာ လာရောက်အပန်းဖြေ အနားယူနိုင်မည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူနေမှုအဆင့်အတန်း မြင့်မားစေရန် ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက မန်းနဲစန်ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လမ်းဖွင့်ပွဲတွင် လာရောက်ကပြဖျော်ဖြေကြသည့် ကရင်ရိုးရာယဉ်ကျေးမှုဒုံးအဖွဲ့အား ဂုဏ်ပြုဆုငွေများပေးအပ် ချီးမြှင့်ကာ တတ်ရောက်လာသူများနှင့်အတူ အဆိုပါလမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မန်းနဲစန်ကွန်ကရစ်လမ်းသစ်ကို လမ်းအူကြောင်းအကျယ် ပေ(၅၀)၊ အရှည် ၁၃၄၇ ပေ တစ်ကြောင်းထိုး မြေသားလမ်းအား ၇ ပေအမြင့် မြေသားဖို့၍ မြေသားတာဘောင်လမ်းအဖြစ် စတင်ဆောင်ရွက်ခဲ့ပြီး ၂၄ ပေအကျယ်၊ ၆ လက်မထုရှိ ကွန်ကရစ်လမ်း၊ (၆ပေ x ၄၀ ပေ x ၆ ပေ ) ကွန်ကရစ်တံတားတစ်စင်း၊ (၄ပေ) အချင်းရေပြွန် (၂) စင်းတို့ကို စုစုပေါင်းကုန်ကျငွေ ၂၄၄ သန်း အကုန်အကျခံ၍ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း (ပြန်/ဆက်)