တောင်ငူ၌ ခရိုင်အဆင့် မိုးစပါးရိတ်သိမ်းပွဲကျင်းပ တစ်ဧကလျှင် စပါးအစိုတင်း ၁၃၅ တင်း ထွက်ရှိ

တောင်ငူ နိုဝင်ဘာ ၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် မဟင်ကျေးရွာ၌ ယနေ့ နံနက်ပိုင်းက လယ်မြေကွင်းအမှတ် (၅၃၀-ခ) တောင်သူ ဦးမျိုးထွဋ်ဝင်း၏ ဗျော့ထွန်းစပါးမျိုး  မျိုးစေ့ထုတ်စိုက်ခင်း၌  ခရိုင်အဆင့် မိုးစပါးရိတ်သိမ်းပွဲကျင်းပရာ တစ်ဧကလျှင် စပါးအစိုတင်း ၁၃၅ တင်းထွက်ရှိကြောင်း သိရသည်။

အဆိုပါ  စံကွက်ရိတ်သိမ်းပွဲ၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ တောင်ငူခရိုင်၊ စိုက်ပျိုးရေးဦးစီးမှူး၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊  မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့်  စိုက်ပျိုးရေး ကြီးကြပ်မှုအဖွဲ့ဝင်များ၊  ဒေသခံတောင်သူများ တက်ရောက်ကာ  စပါးရိတ်ခြွေစက်ဖြင့် မိုးစပါးစံကွက် ရိတ်သိမ်းနေမှုများနှင့် မိုးစပါးဖြစ်ထွန်းအောင်မြင်မှု အ​ခြေအနေများကို ကြည့်ရှုကြသည်။

ထို့နောက် တောင်ငူခရိုင်၊ စိုက်ပျိုးရေးဦးစီးမှူး ဦးမြတ်မင်းထွေးက ခရိုင်အတွင်း ၂၀၂၂ ခုနှစ် မိုးစပါးစိုက်ပျိုးထားရှိမှုများနှင့် လက်ရှိရိတ်သိမ်းနေမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီးနောက်  တောင်သူဦးမျိုးထွဋ်ဝင်း၏  စိုက်ဧက ၅ ဧကရှိ ဗျော့ထွန်းအမျိုးအစား မိုးစပါးမျိုး သုည ဒသမ ၁၀ ဧကကို စပါးရိတ်ခြွေစက်ဖြင့် ရိတ်သိမ်းပွဲကျင်းပရာ တစ်ဧကလျှင် စပါးအစိုတင်း ၁၃၅ တင်း ထွက်ရှိသည်။

ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်စိုက်ပျိုးရေးဦးစီးမှူး တို့ကမဟင်ကျေးရွာရှိ တောင်သူ ၂ ဦးအား သုံးသီးစိုက်ပျိုးရေးအတွက်  ရေဆင်း-၁၄ မတ်ပဲမျိုးစေ့ အိတ်များနှင့် ဓာတ်မြေသြဇာအိတ် ၁ အိတ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်