ဇလွန်မြို့မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီးတွင် မသိုးသင်္ကန်းတော်မြတ် ရက်ချုပ်ကပ် လှူပူဇော်ပွဲနှင့် တန်ဆောင်တိုင်မီးထွန်းပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်

ဇလွန် နိုဝင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာ ဘုရားကြီးတွင် မသိုးသင်္ကန်း တော်မြတ်ရက် ချုပ်ကပ်လှူပူဇော်ပွဲနှင့် တန်ဆောင်တိုင်မီးထွန်းပူဇော်ပွဲကို တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့မှ လပြည့်ကျော် တစ်ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့ညတွင် မသိုးသင်္ကန်းရက်ချုပ်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး မသိုးသင်္ကန်းတော်မြတ်ရက်ချုပ် ကပ်လှူပူဇော်ရာတွင် ကိန္နရီစင်တော်၊ သဗ္ဗူလစင်တော်၊ မယ်မဒ္ဒီစင်တော်၊ အမယာစင်တော်တို့မှ ရက်ချုပ်လှူဒါန်းထားသော မသိုးသင်္ကန်းတော် မြတ်အား တန်ဆောင်မုန်းလပြည့်နေ့ နံနက် ၄ နာရီတွင် မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာ ဘုရားကြီးအား ဆပ်ကပ်ပူဇော်၍ ပြည်တော်ပြန်မြတ်စွာဘုရားကြီးအား သစ်သီးကိုးမျိုး၊ မုန့်ကိုးမျိုး၊ ပန်းများနှင့်ဆွမ်းတော်ကြီး ကပ်လှူပူဇော်မည်ဖြစ်ပြီး တန်ဆောင် မုန်းလဆန်း ၁၄ ရက်နေ့မှ လပြည့်ကျော် တစ်ရက်နေ့အထိ လျှပ်စစ်ရောင်စုံမီးများ၊ ဆီမီးများဖြင့် ဆီမီးပူဇော်ပွဲကို စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ဇလွန်မြို့မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာ ဘုရားကြီးနှင့် ဂန္ဓာကုဋီတိုက်အတွင်းရှိ ရုပ်ပွားဆင်း တုတော် သုံးဆူတို့အား သက်တော်ထင်ရှားမြတ်စွာ ဘုရားအား ရည်မှန်း၍ မသိုးသင်္ကန်း ရက်လုပ်ပူဇော် ခဲ့သည်မှာ ယခု ၁၃၈၄ ခုနှစ်တွင် (၅၁)ကြိမ်မြောက် ရှိပြီဖြစ်ပြီး မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲနှင့် အတူ တန်ဆောင်တိုင်မီးထွန်းပွဲတော်ကိုပါ ကျင်းပခဲ့သည်မှာ (၁၅) ကြိမ်ရှိပြီဖြစ်ကြောင်း အကျိုးတော်ဆောင် ဂေါပကအဖွဲ့ထံမှ သိရသည်။

ဝေယံ-ဇလွန်(ပြန်/ဆက်)