ဘားအံ နိုဝင်ဘာ ၃
ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ (၁၈) ကြိမ်မြောက် မြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၉ နာရီခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ဇနီးဒေါ်နန်းဘေဘီမြင့်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ တက်ရောက်၍ ကထိန်လျာ သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲသို့ နိုင်ငံတော်ဩဝါဒစရိယ နောင်လုံဌာန်ပတိုင် ကျောင်းဆရာတော် မဟာဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တဝိဇ္ဇာနန္ဒ အမှူးပြုသော ထေရ်ကြီးဝါကြီး ဆရာတော်ကြီး ၁၁ ပါး ကြွရောက် ချီးမြှင့်တော်မူကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ စုပေါင်းမဟာဘုံကထိန်းသင်္ကန်း ဆက်ကပ်လှူဒါန်းသည့် အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသည့် ဧည့်ပရိတ်အပေါင်းတို့က နိုင်ငံတော်ဩဝါဒစရိယ နောင်လုံဌာန်ပတိုင်ကျောင်း ဆရာတော် မဟာဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တဝိဇ္ဇာနန္ဒထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ သံဃာတော်အရှင် သူမြတ်များ ရွတ်ဖတ်သရဇ္စျယ်တော်မူသော မေတ္တာသုတ်ပရိတ် တရားတော်များကို နာယူကြည်ညို ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီးတို့က နိုင်ငံတော်ဩဝါဒစရိယ နောင်လုံဌာန်ပတိုင်ကျောင်းဆရာတော် မဟာဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တဝိဇ္ဇာနန္ဒထံ ကထိန်လျာဉာတ်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ ကြွရောက်ချီးမြှင့်တော်မူကြသည့် ဆရာတော်၊ သံဃာတော်များထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့သည့် မဟာဂန္တဝါစကပဏ္ဍိတ နောင်လုံ ဌာန်ပတိုင်ကျောင်း ဆရာတော်ဘဒ္ဒန္တဝိဇ္ဇာနန္ဒထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြကာ ယနေ့ကျင်းပပြုလုပ်သည့် မြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် ဌာနဆိုင်ရာများ၊ အသင်း အဖွဲ့များမှ ပဒေသာပင် ၆၈ ပင်ပစ္စည်းတန်ဖိုး၊ ငွေသားတန်ဖိုး စုစုပေါင်း ၄၂,၀၈၀,၉၅၀ (လေးရာနှစ်သိန်းရှစ်သောင်းကိုးရာငါးဆယ်) ကျပ် ဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း (ပြန်/ဆက်)