ကိုယ်ဝန်ဆောင်မိခင်များနှင့် တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများ ဆောင်ရွက်ပေး

ကန့်ဘလူ နိုဝင်ဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)လမှ (၁)နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီက မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ဆက်လက်ထိုးနှံ တိုက်ကျွေးပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးရာတွင် မြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက်မှ အသက်(၂) လမှ (၁)နှစ်ခွဲအောက် ကလေးငယ်များအား အသက်အရွယ်အလိုက် ဘီစီဂျီ၊ အဆုတ်ရောင် ကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင် ရောဂါကာကွယ်ဆေး၊ ဂျိုက်သိုးရောဂါ၊ ဝက်သက် ရောဂါနှင့် ပိုလီယို အစက်ချဆေးများကို ကျန်းမာရေးဝန်ထမ်းများက စနစ်တကျမှတ်တမ်း ရေးသွင်းကာ ထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်၊ ဆုံဆို့နာရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး လျက်ရှိသည်။

အဆိုပါနေ့က ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခဲ့ရာ ကလေးငယ်စုစုပေါင်း ၁၂၅ ဦးနှင့် ကိုယ်ဝန် ဆောင်မိခင် ၁၇ ဦးတို့အား ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်းနှင့် မြို့ပေါ်ရပ်ကွက် များအပြင် ကန့်ဘလူမြို့၌ စစ်ဘေးရှောင်ရောက်ရှိနေသူ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များလည်း လာရောက်ထိုးနှံ ကြကြောင်း ကျန်းမာရေးဝန်ထမ်းများထံမှ သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)