စစ်ကိုင်းမြို့တွင် ဆောင်းနေကြာမျိုးစေ့ထုတ်လုပ်ခြင်းနှင့် အထွက်နှုန်းတိုးတက်မြင့်မားရေး နည်းပညာပေး သင်တန်းဖွင့်

စစ်ကိုင်း နိုဝင်ဘာ ၃

စစ်ကိုင်းခရိုင်/ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ဆောင်းနေကြာ မျိုးစေ့ထုတ်လုပ်ခြင်းနှင့် အထွက်နှုန်းတိုးတက်မြင့်မားရေး နည်းပညာပေး သင်တန်းဖွင့်ပွဲကို နိုဝင်ဘာ(၃)ရက်၊ နံနက်(၉)နာရီက ခရိုင်စိုက်ပျိုးရေးရုံးရှိ မြတ်ဇေယျာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးခင်မောင်ဆင့်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက တောင်သူများအနေဖြင့် ဆောင်းနေကြာ မျိုးစေ့စိုက်ပျိုးတဲ့အခါမှာ မျိုးကောင်း၊ မျိုးသန့်များကို ရွေးချယ်စိုက်ပျိုးပြီး မြေဩဇာများကိုလည်း စနစ်တကျ အသုံးပြုသွားကြဖို့လိုကြောင်း၊ နေကြာသီးနှံဟာ အခြားစိုက်ပျိုးသီးနှံများ ထက်စိုက်ပျိုးစရိတ် သက်သာသည့်အပြင် စိုက်ပျိုးရတာလွယ်ကူကြောင်း၊ သီးထပ်အဖြစ်လည်း စိုက်ပျိုးနိုင်ကြောင်း၊ ပြည်တွင်းစားသုံးမှုဖူလုံစေရေးအတွက် တစ်ပိုင်တစ်နိုင် မျိုးစေ့ထုတ်လုပ် စိုက်ပျိုးသွားကြစေလိုကြောင်း၊ အမှန်တစ်ကယ် စိုက်ပျိုးသွားကြမည့် တောင်သူများကိုလည်း ယူရီးယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးသွားမှာဖြစ်ပြီး စနစ်တကျ သုံးစွဲတက်အောင်လည်း ယခုသင်တန်းက ပို့ချပေးသွားမှာဖြစ်ရာ တောင်သူများ စိတ်ဝင်စားစွာ လေ့လာမှတ်သားသွားကြပါလို့ ပြောကြားလိုကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားကာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပေးခဲ့သည်။

အဆိုပါနည်းပညာပေး သင်တန်းကို တစ်ရက်တာ ပို့ချပေးသွားမှာဖြစ်ပြီး သင်တန်းဖွင့်ပွဲသို့ စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးများနှင့်ဝန်ထမ်းများ၊ ကျေးရွာတောင်သူများ တက်ရောက်ခဲ့ကြကာ ယူရီးယားဓာတ်မြေဩဇာများကို တာဝန်ရှိသူများက တောင်သူများအား ရောင်းချပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)