ခမောက်ကြီး စက်တင်ဘာ ၁၈
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကော့သောင်းခရိုင်၊ခမောက်ကြီးမြို့၊ ကော့သောင်း-ဘုတ်ပြင်းအဝေးပြေးကားလမ်းမကြီး မိုင်တိုင် အမှတ်၂၃၇နှင့် ၂၃၈အကြားတွင် လမ်းရေကျော်မှုဖြစ်ပွားပြီး အမှတ်(၁)ရပ်ကွက်မြေနိမ့်ပိုင်းတွင် ယနေ့နံနက်ပိုင်းမှစ၍ ရေများ စတင်ဝင်ရောက်နေကြောင်းသိရသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ချောင်းဖျားရေစီးဆင်းမှုနှင့်ပင်လယ်ဒီရေမြှင့်တက်မှုတို့ကြောင့် မိုင်တိုင် အမှတ်၂၃၇နှင့်၂၃၈ အကြား (၃၅)မိုင်ကားလမ်းမပေါ်တွင် အရှည်ပေ(၃၀၀)ခန့်၌ ရေအမြင့်ပေ(၃)ပေခန့်ထိ လမ်းပေါ်သို့ ရေကျော်လျက်ရှိပြီး အမှတ်(၁) ရပ်ကွက်၊ ချောင်းအနီးပတ်ဝန်ကျင်မြေနိမ့်ပိုင်းရှိနေအိမ်များ၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာနရုံးများ၏အနောက်ဘက် မြေနိမ့်ပိုင်းများသိုလည်း ရေများ ဝင်ရောက် လျက်ရှိသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လမ်းပေါ်ရေကျော်နေမှုအား ခမောက်ကြီးမြို့အုပ်ချုပ်ရေးမှူး ဦးခိုင်ကိုဦး ၏ဦးဆောင်မှုဖြင့် နယ်မြေခံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လမ်းဦးစီးဌာန၊ စည်ပင်သာယာရေး ဦးစီးဌာန များနှင့် နယ်မြေခံတပ်နယ်တို့မှ ခရီးသွားပြည်သူများ ဖြတ်သန်းသွားလာရာ တွင် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပြီး အမှတ်(၁)ရပ်ကွက်ရေဝင်ရောက်သည့်အိမ်ခြေများသို့လည်း ရေဝင်ရောက်မှု ပိုမိုများလာပါက ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
နန့်လေးလေး(ခမောက်ကြီး ပြန်/ဆက်)