ပေါက်ခေါင်းမြို့နယ်၌ ဝါဈေးကွက်ကောင်းသဖြင့် ယခုနှစ်တွင်ဝါဧကတိုးချဲ့စိုက်ပျိုးထားရှိ

ပေါက်ခေါင်း နိုဝင်ဘာ ၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ယခင်နှစ်က ဝါဈေးကွက်ကောင်းသဖြင့် ယခုနှစ်တွင် ‌တောင်သူများမှ ဝါကိုတိုးချဲ့စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ခုနှစ်၌ ဝါကြီး၊ချည်မျှင်ရှည်ဝါ အပါအဝင် စုစုပေါင်းဝါဧက ၈၅၀၀  စိုက်ပျိုးထားရှိပြီး ဝါပွင့်များမကြာမီရိတ်သိမ်း‌တော့မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဝါ(၁)ဧက၏ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်မှာ ပျမ်းမျှ သုံးသိန်းခွဲခန့်ကုန်ကျပြီး၊ ဝါကောက်ချိန် (သို့) ခူးဆွတ်ချိန်မှာတော့ တစ်ဧကလျှင် အနည်းဆုံးပိဿာ ‌ခုနှစ်ရာလောက်ထွက်ရှိကြောင်း၊ ယခင်နှစ်က ဝါတစ်ပိဿာကို ၁၆၀၀ ကျပ်နှုန်းဖြင့် ရောင်းချရသည့်အတွက် ယခုနှစ်တွင်စောစီးစွာအား ထည့်စိုက်ပျိုးထားရှိရာ အပင်များ အောင်မြင်လျက်ရှိပြီး ဝါပွင့်များရိတ်သိမ်းချိန်နီးပြီဖြစ်ကြောင်း၊ ယခုနှစ်ဝါ‌ ဈေးကွက်မှာ တစ်ပိဿာ ငွေကျပ် ၂၀၀၀ နှုန်းထိဈေးပေးဝယ်ယူလျက်ရှိကြောင်းနှင့်ဝါသီးနှံသည် တောင်သူများစိုက်ပျိုးသင့်သည့် သီးနှံဖြစ်ကြောင်း ဝါသီးနှံစိုက်ပျိုးသည့်တောင်သူ   ဦးမောင်လေးက ပြောကြားသည်။

ပေါက်ခေါင်းမြို့နယ်တွင် ယခင်နှစ်က ဝါစိုက်ပျိုးထုတ်လုပ်ဧက ၆၇၀၀ သာစိုက်ပျိုးသော်လည်း ယခုနှစ်တွင် ဝါဈေးကွက်ကောင်းတာကြောင့် တောင်သူများက တိုးချဲ့စိုက်ပျိုးထားကြောင်း၊စိုက်ပျိုးရေးဦးစီးဌာနအနေနှင့်လည်း ဝါစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် အကျိုးဆောင်တောင်သူများနှင့်ပူးပေါင်းပြီး နည်းပညာပေးခြင်း၊ အထွက်နှုန်းကောင်းမျိုးကောင်း မျိုးသန့်များရွေးချယ်စိုက်ပျိုးနိုင်ရေး၊ ဝါမျိုးစေ့ခြံများမှ မျိုးသန့်များကိုမှာ ယူဖြန့်ဖြူးပေးခြင်း၊ မျိုးစေ့ထုတ်စိုက်ခင်းများ ရွေးချယ်စိုက်ပျိုးခြင်းနှင့်ဝါစိုက်‌ တောင်သူများအတွက် မျိုးစေ့များထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်‌ပေးခဲ့ကြောင်း နှင့်ယခုနှစ်တွင် ဝါမျိုးစေ့ထုတ် (၅)ဧကနှင့် ဝါမျိုးယှဉ်ပြိုင်စမ်းသပ်ကွက်(၂)ဧကကို စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)