ပေါက်ခေါင်း နိုဝင်ဘာ ၃
ကျေးလက်တောင်သူများ၏ လယ်ယာထွက်ကုန်သီးနှံများ လွယ်ကူလျင်မြန်စွာသယ်ယူပို့ဆောင်နိုင်ရေးနှင့် လယ်ယာသုံးစက်များ အလွယ်တကူသွားလာနိုင်ရေးတို့အတွက်ရည်ရွယ်၍ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုအစိုးရခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ဗောဓိကုန်းကျေးရွာအုပ်စု၊ ဗောဓိကုန်းရွာကျေးလက်ကုန်ထုတ်လမ်းနှင့် မစိုးရိမ်ကျေးရွာအုပ်စုဆင်ဖြူကန်ကျေးရွာ ကုန်ထုတ်လမ်းဆောင်ရွက်မှုလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုအစိုးရခွင့်ပြုရန်ပုံငွေ ၇၇ သန်းကျော်ဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှတာဝန်ယူဆောင်ရွက်သည့် ဗောဓိကုန်းကျေးရွာလမ်းအရှည် ၁/၁.၅၄၅ မိုင်၊ လမ်းအကျယ် ၁၂ ပေ၊ ထု ၂ ပေ ၉ လက်မရှိ မြေနီကျောက်စရစ်လမ်းနှင့် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ ၅၀ သန်းကျော်ဖြင့် ဆင်ဖြူကန်ကျေးရွာ လမ်းအရှည် ၀/၅.၅၆၇ မိုင်မြေနီကျောက်စရစ်ခင်း လမ်းဖောက်လုပ်ခြင်းလုပ်ငန်းများကို တင်ဒါရကုမ္ပဏီများက သတ်မှတ်ကာလအတွင်း ရာနှုန်းပြည့်ပြီးစီးအောင်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါကုန်ထုတ်လမ်းများ ဆောင်ရွက်ပေးသည့်အတွက် ဗောဓိကုန်းကျေးရွာအုပ်စုနှင့် မစိုးရိမ်ကျေးရွာအုပ်စုအတွင်းမှ အိမ်ခြေ ၃၅၉ အိမ်၊ လူဦးရေ ၁၂၁၉ ဦးနှင့်တောင်သူများ၏ လယ်ယာမြေများမှထွက်ရှိသော သီးနှံထုတ်ကုန်များသယ်ယူရောင်းချရာတွင် မြန်ဆန်အဆင်ပြေမည်ဖြစ်ပြီး ကျေးရွာပြည်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ အထောက်အကူပြုမည်ဖြစ်ကြောင်း ကျေးလက်ဦးစီးဌာနမှသိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)