ပွင့်ဖြူ နိုဝင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဗမာကြက်များ ဈေးကွက်တွင် အရောင်းအဝယ် ကောင်းလာသဖြင့် တစ်ပိုင်တစ်နိုင် မွေးမြူလုပ်ကိုင်သူများ ဝင်ငွေတိုးပွားပြီး လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဒေသအခေါ် ဗမာကြက်ကို ဒေသခံကျေးလက်နေပြည်သူများက စိုက်ပျိုးရေးလုပ်ငန်းနှင့် တွဲဖက်ကာ တစ်ဖက်တစ်လမ်းမှ မိသားစု အပိုဝင်ငွေ ရရှိစေရန် ရည်ရွယ်၍ တစ်ပိုင်တစ်နိုင် မွေးမြူလုပ်ကိုင်ကြပြီး၊ ကြက်မွေးမြူရာ၌ ခြံလှောင်စနစ်ဖြင့် မွေးမြူခြင်းမျိုးမဟုတ်ပဲ သဘာဝအတိုင်း လွှတ်ထားပြီး မွေးမြူလုပ်ကိုင်ကြကြောင်း၊ ကြက်များအတွက် တိရစ္ဆာန်အစာအဖြစ် ဝယ်ယူကျွေးမွေးစရာမလိုပဲ မိမိတို့လယ်ယာမြေများမှ ထွက်ရှိသော ဆန်၊ စပါး(သို့မဟုတ်) စပါးကြိတ်ပြီး ထွက်ရှိလာသော ဆန်ကွဲ၊ ဖွဲနုများကို ကျွေးမွေး၍ မွေးမြူလုပ်ကိုင်ကြကြောင်းနှင့် ရောင်းချရာ၌ ဈေးကွက်တွင် ဈေးကောင်းရရှိသည့်အတွက် မိသားစုဝင်ငွေတိုးပွား၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ကျောင်းစုကျေးရွာမှ တစ်ပိုင်တစ်နိုင် ဗမာကြက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့် ဒေသခံတောင်သူတစ်ဦးက ပြောသည်။ ပွင့်ဖြူမြို့နယ် အညာကျေးလက်ဒေသများတွင် ဒေသခံတောင်သူများသည် ဈေးကောင်းရရှိသည့်အတွက် တစ်ပိုင်တစ်နိုင် ဗမာကြက်မွေးမြူရေးလုပ်ငန်းကို အားထားလုပ်ကိုင်ကြပြီး တစ်အိမ်လျှင် အနည်းဆုံး ဗမာကြက် ၅ ကောင်မှ ၁၀ ကောင်ခန့်အထိ မွေးမြူကြပြီး မိုးရာသီနှင့် ဆောင်းရာသီကာလ ရောင်းတန်းဝင်ကြက်များ တိုးပွားလာချိန်တွင် ဈေးကွက်အတွင်း ထုတ်ရောင်းချလေ့ရှိကြောင်း၊ ဗမာကြက်သည် အခြားသောဆေးဝါးများ သုံးစွဲ၍ မွေးမြူကြသည့် အသားတိုးကြက်များနှင့်ယှဉ်လျှင် စားသုံးရာ၌ အာဟာရနှင့် အရသာပိုမိုကောင်းမွန်သဖြင့် စားသုံးသူပြည်သူများက ဗမာကြက်ကို ပို၍ ဝယ်ယူအားပေးကြကြောင်း၊ လက်ရှိတွင် ဈေးကွက်၌ အသားတိုးကြက်သား တစ်ပိဿာလျှင် ငွေကျပ် တစ်သောင်းခန့်ရှိပြီး ဗမာကြက်သားတစ်ပိဿာလျှင် ငွေကျပ် ၁၃၀၀၀ ဝန်းကျင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် အတွင်းရှိ ဗမာကြက် မွေးမြူကြသူများထံမှ သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ )