ကျောက်ကြီး နိုဝင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲတွင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ဦးစီးမှူး ဒေါ်အိအိမွန်က ကျောက်ကြီးမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနအနေနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာနှင့်ပတ်သက်ပြီး မေးခွန်းများ မေးမြန်းဆွေးနွေးခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ချိုချိုဇော်က အသက်(၁၈) နှစ်အောက် ကလေးတိုင်း အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့် စသည့် ကလေးသူငယ်အခွင့်အရေး(၄)ရပ်အား ရှင်းလင်းဆွေးနွေးခြင်း၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ပေါ်ပေါက်လာရပုံအကြောင်း၊ ကလေးသူငယ်များနှင့်ပတ်သက်သည့် အခွင့်အရေးများအား ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ လက်ရှိ မြို့နယ်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)မှ ဥက္ကဋ္ဌအနေဖြင့်လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ အတွင်းရေးမှူးအဖြစ်လည်းကောင်း ဦးဆောင်ပြီး သက်ဆိုင်ရာကော်မတီအဖွဲ့ဝင်များနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီအား ဖွဲ့စည်းပြီး မြို့နယ်အတွင်းရှိ ကလေးသူငယ်များ၏ အခွင့်အရေးမဆုံးရှုံးစေရန် ချိတ်ဆက် ဆောင်ရွက်လျက်ရှိပြီး၊ အသိပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
မြို့နယ်ပြန်/ဆက်