ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနအသီးသီးနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်

ဘားအံ နိုဝင်ဘာ ၂

နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်မည့် (၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဘားအံမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သော ကော့ဒါန်းမယ်ကျေးရွာ (VDP) ခန်းမဆောင်နှင့် စက်ရေတွင်း (အိမ်သွယ်ရေတိုင်စနစ်) ရေပေးရေးဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီခန့်က အဆိုပါ ခန်းမဆောင်တည်နေရာ၌ ကျင်းပသည်။

ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုရှိစေရန်အတွက် နှစ်စဉ်နှစ်တိုင်းအဆင့်ဆင့် အကဲဖြတ်သုံးသပ်၍ ပိုမိုထိရောက်ကောင်းမွန်သော နည်းလမ်းများကို ဖော်ထုတ်ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တန်ဖိုးထားကြရန်၊ အကျိုးရှိရှိအသုံးပြုကြရန်နှင့် နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးရန် လိုအပ်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန အသီးသီးနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် မိမိဒေသဖွံ့ဖြိုးအောင် ဆောင်ရွက်ကြစေလို ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးရန်မျိုးနိုင်မှ ကျေးရွာ VDP ခန်းမဆောင်နှင့် စက်ရေတွင်း၊ ရေစင်၊ အိမ်တိုင်ရာရောက် ရေပေးဝေရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသော ကျေးရွာသူ/သားများကိုယ်စား ဒေသခံတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ်ဦးစီးမှူးက အခမ်းအနားသို့ တက်ရောက်လာသော ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များအား ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရလက်ဆောင်များအား လက်ရောက်ပေးအပ်ခဲ့သည်။

ယင်းနောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကော့ဒါန်းမယ်ကျေးရွာ (VDP) ခန်းမဆောင်နှင့် စက်ရေတွင်း (အိမ်သွယ်ရေတိုင်စနစ်)အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က စက်ရေတွင်း (အိမ်သွယ်ရေတိုင်စနစ်) မှ အိမ်တိုင်ရာရောက်ရေပေးရေး ရေဘားများအား စတင် ဖွင့်လှစ်ပေးသည်။

ယနေ့ဖွင့်လှစ်သည့် ကော့ဒါန်းမယ်ကျေးရွာခန်မဆောင် (၅၀ပေ x ၃၀ပေ x ၁၂ပေ) ကို ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရန်ပုံငွေကျပ် ၁၀ သန်း၊ ပြည်သူ ထည့်ဝင်ငွေကျပ် ၂၅ သန်း စုစုပေါင်း ၃၅ သန်းဖြင့် ဆောင်ရွက်ခဲ့ပြီး စက်ရေတွင်း၊ အမြင့်တင်ရေစင် တည်ဆောက်ခြင်းလုပ်ငန်းကို ကျေးလက်ဦး စီးဌာနရန်ပုံငွေကျပ် ၁၈ ဒဿမ ၈ သန်းနှင့် ပိုက်လိုင်းသွယ်တန်းခြင်းအား ရန်ပုံငွေကျပ် ၁၅ ဒဿမ ၇၆ သန်းဖြင့် ဆောင်ရွက်ထားပြီး ရေမီတာ၊ အိမ်သွယ်ပိုက်လိုင်းတို့အား ပြည်သူလူထုအစီအစဉ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကာ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အိမ်သွယ်ရေတိုင်စနစ်ဖြင့် အိမ်တိုင်ရာရောက်ရေပေးဝေမှု များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း (ပြန်/ဆက်)