ကြို့ပင်ကောက် နိုဝင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်၊ ပန်းတင်ရပ်ကွက် မြို့ဦးပန်းတင် ဘုန်းတော်ကြီးကျောင်း၌ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများ ဒေသခံပြည်သူမျာ၏ စုပေါင်းမဟာဘုံကထိန်အလှူပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ဘုံကထိန်အလှူပွဲကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး ဆရာတော်သံဃာတော်များ ချီးမြှင့်သော ပရိတ်တရားတော်များကို နာယူဆောက်တည်၍ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ တွဲဘက်အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကောဏ္ဍည ဆရာတော်ထံ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းဌေးက ထိန်လျာဉာတ်သင်္ကန်း ဆက်ကပ်လှူဒါန်းပေးခြင်း၊ ပင့်ဖိတ်ထားသော သံဃာတော်အရှင်သူမြတ်များထံ ပဒေသာပင် ၄၂ ခု၏ လှူဖွယ်ဝတ္ထုပစ္စည်း (တန်ဘိုး ၂၂၇၂၃၀၀ ကျပ်) နှင့် လှူဒါန်းငွေ ၁၁၆၀၉၁၀၀ ကျပ် စုစုပေါင်းလှူဒါန်းငွေ ၁၃၈၈၁၄၀၀ ကျပ်တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အရပ်ဘက်အဖွဲ့အစည်းများက ဆက်ကပ်လှူဒါန်းပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ တွဲဘက်အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကောဏ္ဍည ဆရာတော်ထံမှ သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလခံယူဆောက်တည်ပြီး အနုမောဒနာတရားနာယူကာ ရေစက်သွန်းချအမျှတန်းပေး ဝေ၍ ကထိန်အလှူပွဲကိုကျင်းပပြုလုပ်ခဲ့ သည်။
ထို့နောက် ကြွရောက်လာကြသော သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ဧည့်ပရိတ်သတ်များအား နေ့လည်စာဖြင့် ဧည့်ခံကြွေးမွေးခဲ့ကြကြောင်း လာမည့်နှစ်တွင် မြို့နယ်လုံးကျွတ်ကထိန်အလှူပွဲအား စာသင်တိုက်တစ်တိုက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)