ပခုက္ကူမြို့၌ ကွန်ကရစ်လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်

ပခုက္ကူ နိုဝင်ဘာ ၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်၊ သီရိဓမ္မာလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေနှင့် ပြည်သူလူထုထည့်ဝင်ငွေတို့ဖြင့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံက သိရသည်။

အဆိုပါ သီရိဓမ္မာလမ်းမှာ အရှည်ပေ(၉၀၀)၊ အကျယ်ပေ (၂၀)နှင့် ထု(၈)လက်မရှိပြီး ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေကျပ် (၃၅ဒဿမ၁၆)သန်း၊ ပြည်သူလူထုထည့်ဝင်ငွေကျပ်(၉)သန်း၊ စုစုပေါင်းငွေကျပ်(၄၄ဒဿမ၁၆)သန်းတို့ဖြင့် ကွန်ကရစ်လမ်းအမျိုးအစားအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ၆ရက်မှ စတင်ဆောင်ရွက်ခြင်းဖြစ်ပြီး လုပ်ငန်းစံချိန်စံညွှန်းအရည်အသွေးများနှင့် ကိုက်ညီကောင်းမွန်စေရေးနှင့် သတ်မှတ်ကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက် ပြီးစီးနိုင်ရေးတို့အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်အင်ဂျင်နီယာ ဦးရဲလှိုင်ထွေးက အနီးကပ်ကြီးကြပ်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး၊ စိမ်းလန်းစိုပြေစေရေး၊ လမ်းပန်းဆက်သွယ်မှုအဆင်ပြေချောမွေ့စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် စဉ်ဆက်မပြတ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး ယခုကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပါက ရပ်ကွက်နေပြည်သူများအတွက် မော်တော်ဆိုင်ကယ်၊ မော်တော်ကားများဖြင့် လွယ်ကူချောမွေ့စွာ သွားလာနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

ဆလိုင်းကိုကီး