ကြာအင်းဆိပ်ကြီးမြို့နယ်၌ (၃၄) ကြိမ်မြောက် ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ မဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲကျင်းပ

ကြာအင်းဆိပ်ကြီး နိုဝင်ဘာ ၂

သာသနာတော်နှစ် (၂၅၆၆) ခုနှစ်၊ ကောဇာသက္ကရာဇ် (၁၃၈၄) ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁၀) ရက် ယနေ့နံနက်ပိုင်းအချိန်က ခရိုင်/မြို့နယ် ဌာနဆိုင်ရာ ဦးစီးဌာနများမှ ဦးစီးလှူဒါန်း ကျင်းပပြုလုပ်ပြီး အများပြည်သူအလှူရှင် ဒါယကာ၊ ဒါယိကာမများမှ စုပေါင်း၍ စုပေါင်း မဟာဘုံကထိန် အလှူပွဲတော်ကြီးအား ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်း ဆိပ်ကြီးမြို့နယ် ကြာအင်းရွှေဒိုးကျေးရွာအုပ်စု ကျောက်ခဲကုန်းကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ ပြုလုပ်ကျင်းပသည်။

အဆိုပါဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲအား သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့မှ နမောတဿ သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ စိန်ရတနာကျောင်း ဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလတရားတော်နှင့် ကြွရောက်လာကြတော်မူသည့် ဆရာတော်သံဃာတော်များထံမှ ပရိတ်တရားတော်များအား စေတနာအလှူရှင် ဒါယကာ ဒါယိကာမများမှ နာယူကြောင်းသိရသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသိန်းက ကထိန်လျာဉာတ်သင်္ကန်းကြီးနှင့် လှုဖွယ်ဝတ္ထုအစုစုအား ကျောက်ခဲကုန်းဘုန်းတော်ကြီးကျောင်း ဆရာတော်ထံ ဆက်ကပ် လှူဒါန်းတော်မူပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများ ဝန်ထမ်းများနှင့် အလှူရှင်ဒါယကာဒါယိကာမများမှ ပင့်ဖိတ်၍ ကြွရောက်လာကြတော်မူ သည့် မြို့နယ်အတွင်းရှိ ပရိယတ္တိပရိပတ္တိဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်သံဃာတော် အရှင်သူမြတ်များအား ကထိန်အခြံအရံသင်္ကန်းများနှင့် လှူဖွယ်ဝတ္ထု အစုစုတို့ အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘုရားကြီးမှ ကထိန်အနုမောဒနာ တရားတော်မြတ်အား ချီးမြှင့်ဟောကြားတော်မူပြီး ရေစက်သွန်းချအမျှပေးဝေ၍ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းခဲ့ကြောင်း သိရသည်။

မျိုးမင်းဦး (ပြန်/ဆက်)