သရက်ချောင်း နိုဝင်ဘာ ၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် (၂၃)ကြိမ်မြောက်မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ဆုရရှိသူ များအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က သရက်ချောင်းမြို့၊ မြို့မ ရပ်ကွက်ရှိ စည်ပင်သာယာကျောက်တိုင်ဝင်းအတွင်းရှိ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ သရက်ချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ သရက်ချောင်းမြို့နယ်၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ပြည့်ဝန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိ/ရပ်ဖများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် သရက်ချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးထွေးဦးက သရက်ချောင်းမြို့နယ်မှ ဗဟိုအဆင့်တွင်ဆုရရှိအောင်ကြိုးစားဆောင်ရွက်ပေးခဲ့သောတိုင်းဒေသကြီး ဂုဏ်ဆောင်ပြိုင်ပွဲဝင်များအားကျေးဇူးတင်စကားပြောကြားခြင်း၊ နောင်အနာဂတ်တွင် မျိုးဆက်သစ်များပေါ်ထွက်စေရန် ဝိုင်းဝန်းကြိုးပမ်းရန်လိုကြောင်း စသည်ဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် သရက်ချောင်းမြို့နယ်မှ ဗဟိုအဆင့်တွင် အခြေခံပညာအဆင့် (၁၅–၂၀)နှစ် ဝါသနာရှင် (အဆို)(မဟာဂီတ)တွင် ငွေတံဆိပ်ဆုရရှိသည့် ပြိုင်ပွဲဝင်နှင့် အခြေခံပညာအဆင့်(၁၀–၁၅)နှစ် ဝါသနာရှင်အဆင့် (အဆို)ပြိုင်ပွဲဝင်သည့် ကျောင်းသားများမှ သီဆိုဧည့်ခံဖျော်ဖြေခဲ့ကြသည်။
ဆက်လက်၍တာဝန်ရှိသူများက ဗဟိုအဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် တိုင်းဒေသကြီးဂုဏ်ဆောင် ဗဟိုအဆင့် ငွေတံဆိပ်ဆုရရှိသည့် မောင်ပြည့်စုံဦးနှင့်ဗဟိုအဆင့်ဝင်ရောက်ယှဉ်ပြိုင်သည့် ပြိုင်ပွဲဝင်များအား ဂုဏ်ပြုဆုငွေများအား အသီး သီးပေးအပ် ချီးမြှင့်ခြင်းနှင့်ဗဟိုအဆင့် ငွေတံဆိပ်ဆုရရှိသည့် အခြေခံပညာအဆင့်အသက်(၁၅-၂၀)နှစ် ဝါသနာရှင်(အဆို)မောင်ပြည့်စုံဦးမှ ကျေးဇူးတင်ဂါရဝစကားပြောကြားကာ အခမ်းအနား ရုတ်သိမ်းခဲ့ကြောင်းသိရသည်။
သားကြီး(သရက်ချောင်း)