လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာနတွင် “ မျိုးဆက်ပွားကျန်းမာရေး သားဆက်ခြားကာ ဆောင်ရွက်ပေး” အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်

လိပ်သို  နိုဝင်ဘာ ၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လိပ်သိုတိုက်နယ်ကျန်းမာရေးဌာနတို့ပူးပေါင်းပြီး “ မျိုးဆက်ပွား ကျန်းမာရေး သားဆက်ခြားကာ ဆောင်ရွက်ပေး” အသိပညာပေး ဆွေးနွေးပွဲ  (Talk Show) ကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ဆွေးနွေးပွဲ(Talk Show)များ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လိပ်သိုမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ ဆရာမ နော်ထီနီအေး (သားဖွားဆရာမ) က ဟော်မုန်းပါသောဆေးများ အသုံးပြုနည်း၊ သားအိမ်အတွင်း ပဋိသ​န္ဓေတားသည့် ပစ္စည်းထည့် ခြင်းအကြောင်း၊ သားဆက်ခြားထိုးဆေး မသုံးခင် သိထားသင့်သောအချက်များ၊ မွေးလမ်းကြောင်းတွင် ဆေးများထည့်၍ ကာကွယ်ဆေး၊ သဘာဝနည်းများ၊ ယောက်ျားနှင့် မိန်းမတို့၏ သားကြောဖြတ်ခြင်းအကြောင်း၊ အရေးပေါ် သားဆက်ခြားသောက်ဆေး၏ ဘေးထွက်ဆိုးကျိုးများအကြောင်းနှင့် မည်သည့်ကျန်းမာရေးဝန်ထမ်းမဆို ဇနီးမောင်နှံတို့အား မိသားစုစီမံကိန်းနှင့် သက်ဆိုင်သောသတင်းအချက်အလက်များကို ခေတ်နဲ့အညီ ပြောကြားနိုင်ကြောင်း၊ နှစ်သိမ့်ဆွေးနွေး ပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိသားစုစီမံကိန်း (Family Plaining)နဲ့ ပတ်သက်ပြီးတော့ ဇနီးမောင်နှံများအနေဖြင့် ကျန်းမာရေးဌာနနှင့် လာရောက်ဆွေးနွေးနိုင်ပါကြောင်း  အသိပညာပေးပြောကြားသည်။

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူအသိပညာပေးလုပ်ငန်းများ၊ ဆွေးနွေးပွဲများ  (Talk Show) များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)