အုတ်တွင်းမြို့နယ်၌ (၁၇)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်အောင်ပွဲ အခမ်းအနားကျင်းပ

အုတ်တွင်း နိုဝင်ဘာ ၂

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၌ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် (၁၇)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်အောင်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သီရိရတနာခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။

အခမ်းအနားတွင် ညောင်ခြေထောက်မြို့ ပစ္ဆိမာရုံစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တဩဘာသထံမှ ငါးပါးသီလခံယူ ဆောက်တည်ခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဦးညီညီက  ဇီးတန်းကျောင်းတိုက်ဆရာတော်အား နဝကမ္မဝတ္ထုငွေကျပ် ၂,၀၀၅,၀၀၀/- နှင့်လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်း၊ ဌာနဆိုင်ရာများမှလည်း ကထိန်သင်္ကန်း၊ ပဒေသပင်နှင့်နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်း၊ နေ့ဆွမ်းဆက်ကပ်ခြင်းများဆောင်ရွက်ကြသည်။

နှစ်စဉ်ကျင်းပမြဲဖြစ်သည့်(၁၇)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာစုပေါင်းမဟာဘုံကထိန် အောင်ပွဲအခမ်းအနားသို့တက်ရောက်လာကြသော ဌာနဆိုင်ရာဧည့်သည်တော်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ နေ့လယ်စာနတ်သုဒ္ဓါဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ပြီး အုတ်တွင်းမြို့နယ်အနေဖြင့် ယခုနှစ်စုပေါင်းမဟာဘုံကထိန်အတွက် ငွေကျပ်(၃၂၁၄၀၀၀)တန်ဖိုးရှိ လှူဖွယ်ပစ္စည်းများနှင့်နဝကမ္မဝတ္ထုငွေများ လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။

အေမင်းရည်စော(ပြန်/ဆက်)