ဇီးကုန်းမြို့နယ်၌ ကျောင်းသားလူငယ်များအား အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ဇီးကုန်း နိုဝင်ဘာ ၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ အခြေခံကျောင်းများတွင် အသိပညာပေး ဟောပြောခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက ဇီးကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (မယင်း-လက်ပံခုံ) ကျောင်းသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာသာမကပြင်ပ အသိပညာဗဟုသုတများ ရရှိတိုးပွားအောင် ကျိုးစားဆောင်ရွက် ကြမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဒေါ်စုမြတ်ထွေးက ငလျင်ဘေးအန္တရာယ်နှင့် လေဘေးအန္တရာယ်အကြောင်းကို ကြိုတင်ကာကွယ်ရေးဆောင်ရွက်ရန်အချက်များ၊ ဘေးအန္တရာယ် ဖြစ်ပေါ်နေချိန်တွင် လိုက်နာဆောင်ရွက်ရန်အချက်များ၊ နောက်ဆက်တွဲဖြစ်ပေါ်နိုင်သော ဘေးအန္တရာယ်များနှင့် ဆောင်ရန်ရှောင်ရန် အချက်များကို အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ပပဝင်းက ကလေးသူငယ်အခွင့်အရေးများကို ကိုယ်တိုင်သိရှိနားလည်ပြီး ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေများ၊ ကလေးသူငယ်၏ အဓိပ္ပါယ်သတ်မှတ်ချက်နှင့် ကလေးသူငယ်များ၏ အခွင့်အရေး(၄)ချက် အကြောင်းများကို အသိပညာဗဟုသုတရရှိစေရေး အသေးစိတ်ရှင်းလင်း ပြောကြားပေးခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မာမာဦးက “လူငယ်နှင့် စာဖတ်ခြင်းအကျိုး” ခေါင်းစဉ်ဖြင့် ကျောင်းသားလူငယ်များ စာဖတ်တတ်သည့် အလေ့အကျင့် ကောင်းများရရှိစေရေး၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် ဘဝတိုးတက်မြင့်မား စေကြောင်းတို့ကို သာဓကများဖြင့် အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများသည် ပြသထားသော လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာ​ပေး နံရံကပ်စာစောင်၊ ကလေးအလုပ်သမား ပပျောက်ရေးနှင့် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များအား ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်ဆက်)