သံတောင်ကြီး နိုဝင်ဘာ ၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်း၏ အကျိုးကျေးဇူး သိရှိလာစေရန်နှင့် အသိပညာ ဗဟုသုတ ကြွယ်ဝလာစေရန် ရည်ရွယ်ပြီး Book Club အဖွဲ့ဝင်များက စာရေးဆရာကလောင်စုံ၏ လူငယ်နှင့် ယဉ်ကျေးမှုတန်ဖိုးကို ယနေ့နံနက် (၁၀) နာရီအချိန်က သံတောင်ကြီး ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် စာဖတ်ဝိုင်း ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နော်နီလာအေးက စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး နော်ဖရီစကေးလာ (Book Club) အဖွဲ့ဝင်က စာအုပ်ပါ အကြောင်းအရာတွင် ခေါင်းစဉ်ငယ် ဖြစ်သည့် ခေတ်အပြောင်းအလဲ၊ ကြားနေဝါဒနှင့် အမေရိကန် ရုပ်ရှင်၊ သည်ကနေ့မြန်မာ့ယဉ်ကျေးမှု မျက်နှာစာ၊ လူငယ်နှင့် ယဉ်ကျေးမှုစသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး စောစေးလိုဝါး (Book Club ) အဖွဲ့ဝင်က ယဉ်ကျေးမှုနှင့်လူငယ်၊ ယဉ်ကျေးမှုစံနှုန်းမြှင့်ကြရအောင်၊ လူငယ်နှင့် ယဉ်ကျေမှုတန်ဖိုး၊ ချိုထောင်ကလေးကို သတိထားစသည့် အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် Book Club အဖွဲ့ဝင်များက စာအုပ်ပါ ကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
နော်နော်မူ