သရက်ချောင်းမြို့နယ်တွင် ရာဘာစိုက်ပျိုးလုပ်ကိုင်သူများ ယခင်နှစ်ထက် စျေးကောင်းရရှိ

သရက်ချောင်း   နိုဝင်ဘာ 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ဥယျာဉ်ခြံလုပ်ကိုင်သူများနှင့် တောင်ယာလုပ်ကိုင်များသည် နှစ်ရှည်ပင်များနှင့် ရာသီပေါ်သီးနှံပင်များစိုက်ပျိုးလျက်ရှိရာ နှစ်ရှည်ပင်များအဖြစ်ရာဘာပင်များကိုလည်း အဓိက ထားစိုက်ပျိုးကြသည်။

သရက်ချောင်းမြို့နယ်တွင် ရာဘာခြံလုပ်ကိုင်သူတောင်သူက ရာဘာစိုက်ပျိုးရာတွင် ကြိုးတန်းစနစ်ဖြင့် စနစ်တကျစိုက်ပျိုးရကြောင်း၊ ရာဘာကိုနှစ်ရှည်စိုက်ပျိုးရ၍ အချိန်ပေးရခြင်း၊ ပျက်စီးဆုံးရှုံးမှုမရှိအောင်ဂရုတစိုက်ပျိုးထောင်ရခြင်း၊ "ခြံကအစေးစခြစ်နေပြီ၊ အစဆိုတော့ အစေး အထွက်နှုန်းနည်းသေးတယ်၊ တဖြည်းဖြည်း ရာဘာအစေးအထွက်နှုန်းများလာတယ်၊ ယမန်နှစ်ကထက်တော့ ဈေးပိုရပါတယ်၊ ယခုချိန်က မိုးလေမမှန်သေးဘူးဆိုတော့ ရသလောက်နဲ့ နေလှမ်းပြားဘဲ ရောင်းပါတယ်၊ ရာဘာခြံလုပ်ကိုင်သူများသည် အစေးအစခြစ်တဲ့ ရာသီရောက်နေပြီဆိုပေမယ့် ကျွမ်းကျင်တဲ့ ရာဘာအငှားခြစ်သူတွေကို ငှားရမ်းရကြောင်း ရာဘာခြံလုပ်ကိုင်သူ တောင်သူ ဦးကြည်လွင်က ပြောသည်။

ယခင်နှစ်က ရာဘာတစ်ပေါင် ၉၅၀ကျပ်မှ ၁၀၀၀ကျပ်ခန့်ဖြင့် ဈေးဖွင့်ခဲ့ပြီး ယခုနှစ်တွင် ၁၂၀၀ ကျပ်မှ ၁၃၀၀ကျပ်ရရှိကြောင်း၊ နေလှမ်းပြားကတော့  ၁၂၀၀ ကျပ်မှ ၁၂၅၀ကျပ်အထိ၊ မှိုင်းခံရာ ဘာပြားက ၁၁၅၀မှ ၁၂၀၀ကျပ်အထိဝယ်ယူရ၍ ရာဘာစျေးနှုန်းအတက်အကျ ပေါ်မူတည်၍ ဝယ်ယူရကြောင်း သရက်ချောင်းမြို့၊ မြို့ပေါ်ရပ်ကွက်ရှိ ရာဘာဝယ်ယူသည့် ဆိုင်ရှင်တစ်ဦး၏ ပြောပြချက်အရသိရသည်။

သားကြီး(သရက်ချောင်း)