ခါမ်းပါတ် နိုဝင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့အတွင်းရှိ ဒေသခံတောင်သူများ၏ မိုးစပါးများ စတင် ရိတ်သိမ်းလာကြပြီဖြစ်ပြီး ခေတ်မီစက်ယန္တယားကြီးများ ငှားရမ်းသုံးစွဲလာကြကြောင်း သိရသည်။
ထိုကဲ့သို့ ခေတ်မီရိတ်သိမ်းချွေလှေ့စက်ကြီးများ သုံးစွဲခြင်းဖြင့် စရိတ်အကုန်အကျ သက်သာပြီး စျေးကွက် ဝင်သီးနှံများကို အချိန်မှီစိုက်ပျိုးနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။
“အစကတော့ တစ်ဧကကို တစ်သိန်းနှုန်းနဲ့ အငှားလိုက်ဖို့ပါဘဲ။ ဒါပေမယ့် နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် ဆိုပြီးတော့ တစ်ဧကကို(၇၅၀၀၀)နဲ့ဘဲ လိုက်ဖြစ်ပါတယ်။ စက်မပျက်ရင်တော့ တစ်ရက်ကို ဆယ်ဧက တော့ ပြီးပါတယ်" ဟု ရိတ်သိမ်းချွေလှေ့စက် အငှားလိုက်နေသူ ဦးမောင်တူးက ပြောသည်။
“လူငှားနဲ့ ရိတ်မယ်ဆိုရင်လည်း ကောက်ရိတ်ခတွေ၊ ကောက်လှိုင်းစည်းတာတွေ၊ ချွေခတွေနဲ့ဆို သူက တစ်သိန်းဝန်းကျင်လောက်တော့ ကုန်မှာပါပဲ။ သည်တော့ အများစုက အချိန်မီပြီးတဲ့ စက်တွေနဲ့ ချွေကြတာများပါတယ်။ ပြီးတော့ သီးထပ်သီးနှံတွေကိုလည်း အချိန်မှီစိုက်ပျိုးနိုင်ပါတယ်” ဟု ကမ္မကြီး ကျေးရွာမှ တောင်သူတစ်ဦးကလည်း ပြောပါသည်။
တောင်သူများအနေဖြင့်လည်း အချိန်မီပြီးစီးပြီး စျေးကွက်ဝင် သီးထပ်သီးနှံများကို အချိန်မီ စိုက်ပျိုးနိုင် မည်ဖြစ်ကာ အမြတ်အစွန်း ပိုမိုရရှိနိုင်ကြမည်ဖြစ်ကြောင်းလည်း သိရသည်။
သားငယ်(ပြန်/ဆက်)