ဧရာဝတီတိုင်းဒေသကြီးတိုင်း အစိုးရအဖွဲ့မှ မြတ်စေတနာဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအား ငွေပဒေသာပင် ပေးအပ်လှူဒါန်း

ဒေးဒရဲ နိုဝင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး တိုင်းအစိုးရအဖွဲ့က သက်ကြီးရွယ်အိုများ၏ ဘဝသာယာစိုပြည်စေရေး၊ လုံခြုံ သော လူမှုပတ်ဝန်းကျင်ကောင်းများ ဖန်တီးနိုင်ရေးအတွက် ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၉) နာရီက အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် ဒေးဒရဲမြို့နယ် မြတ်စေတနာ ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအတွက် ငွေပဒေသာပင် စိုက်ထူလှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ အလှူငွေများ ပေးအပ်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်နော်သာဝါး၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှူး ဦးအေးကျော်နှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများနှင့် လူမှုရေးအဖွဲ့အစည်းများရှိ တာဝန်ရှိသူများက မြတ်စေတနာ ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပေးအပ်လှူဒါန်းသည့် လှူဒါန်းငွေ (၁၀)သိန်းကျပ်အား မြတ်စေတနာဘိုးဘွား ရိပ်သာ ကြီးကြပ်မှုကော်မတီအဖွဲ့သို့ ပေးအပ် လှူဒါန်းရာ ကော်မတီဥက္ကဋ္ဌ ဦးကျင်စိန်မှ ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ပြီး အဘိုး၊ အဘွား များက ဆုတောင်းမေတ္တာစကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အေဇာလင်း