ငါးသိုင်းချောင်း နိုဝင်ဘာလ ၂
ယခုကာလသည် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းမှုပြုကြသည့် အချိန်ကာလ ဖြစ်သည့်အားလျော်စွာ ငါးသိုင်းချောင်းမြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်ရှိ ဘုန်းတော်ကြီးကျောင်း (၄၅)ကျောင်းတွင် ကထိန်သင်္ကန်းဆက်ကပ်မည့် အလှူရှင်များပေါ်ပေါက်ခဲ့ပြီး ပြည်သူများ အေးချမ်းပျော်ရွှင်စွာဖြင့် လှူဒါန်းနေမှုတို့ကြောင့် နေ့စဉ် ဘုံကထိန်အလှူပွဲများဖြင့် စည်ကားလျက်ရှိကြောင်း သိရှိရပါသည်။
ငါးသိုင်းချောင်းမြို့ ဌာနဆိုင်ရာဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ တန်ဖိုးငွေကျပ် (၃၄၀၅၀၀၀/-)တန်ဖိုးရှိ (၁၈)ကြိမ်မြောက် ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲကို ငါးသိုင်းချောင်းမြို့၊ ရှေ့ဆောင်ရပ်ကွက်ရှိ ဓမ္မပါလကျောင်းတိုက်၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြပြီး ကထိန်လျာမြတ် သင်္ကန်းနှင့်တကွ လှူဖွယ်ဝတ္ထုပစ္စည်းအစုစုတို့ကို ရေစက်သွန်းချလှူဒါန်းခဲ့ကြပါသည်။
အဆိုပါအခမ်းအနားသို့ ရေကြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးသန်းချစ်အေးနှင့် အဖွဲ့ဝင်များ၊ ငါးသိုင်းချောင်းမြို့ အုပ်ချုပ်ရေးမှူး ဉီးရဲထက်အောင်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်၍ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းရခြင်း၏ အကျိုးကျေးဇူးများ တရားတော်ကို နာကြားခဲ့ကြကြောင်းနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ စုပေါင်းလှူဒါန်းမည့် အ.ထ.က ငါးသိုင်းချောင်းကျောင်းကထိန်ပွဲကို နိုဝင်ဘာလ ၄ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
ကထိန်အလှူများကို အများစုပေါင်း၍သော်လည်းကောင်း၊ အလှူရှင် တစ်ဦးတစ်ယောက်တည်း သော်လည်းကောင်း၊ စေတနာ သဒ္ဓါတရားထက်သန်စွာဖြင့် လှူဒါန်းလျက်ရှိရာ အသံချဲ့စက်၊ ဆောင်းဘောက်များ၊ အိုးစည်ဒိုးပတ်ဝိုင်းများဖြင့် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွဲလျက်ရှိကြောင်း သိရှိရပါသည်။
ငါးသိုင်းချောင်း (ပြန်/ဆက်)