ပွင့်ဖြူမြို့နယ်၌ မိုးစပါးသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ပွင့်ဖြူ နိုဝင်ဘာ ၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရေးအတွက် မဲဇလီ ရေလွှဲဆည်ရေဖြင့် စိုက်ပျိုးခဲ့သည့် မိုးစပါးသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် ယခုနှစ်တွင် သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။ 

ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၂၂ - ၂၀၂၃ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံစေရေးအတွက် မိုးစပါးသီးနှံဧက ၆၉၀၉၄ ဧက လျာထား စိုက်ပျိုးဆောင်ရွက်ခဲ့ရာတွင် ဒေသခံတောင်သူများက ဇွန်လကုန်ကစပြီး အစိုးရဆည်ရ၊ လျှပ်စစ်ရေတင်စနစ်၊ ရေစုပ်စက်စနစ်၊ အခြား ဆည်ငယ်/ကန်ငယ်များနှင့် မိုးကောင်းသောက်စနစ်ဖြင့် စိုက်ပျိုးရေကို အကျိုးရှိစွာအသုံးချပြီး ကြိုးပမ်းစိုက်ပျိုးခဲ့ရာ စက်တင်ဘာလကုန်တွင် သတ်မှတ်လျာထားဧကထက် ၅၅၁ ဧက ပိုမိုကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရပြီး ယခုအခါ ဒေသခံတောင်သူများ စိုက်ပျိုးထားရှိသော မိုးစပါးသီးနှံစိုက်ခင်းများမှာ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။

ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ"ကျွန်မတို့မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံစေရေးအတွက် ရည်ရွယ်ပြီး မိုးစပါးသီးနှံ စုစုပေါင်းဧက ၆၉၀၉၄ ဧက စိုက်ပျိုးရန် လျာထားရှိရာ ဒေသခံတောင်သူများက အစိုးရဆည်ရေ၊ လျှပ်စစ်ရေတင်စနစ်၊ ဆည်/ကန်ငယ်၊ ရေစုပ်စက်စနစ်၊ မိုးကောင်းသောက်စနစ် စသဖြင့် စိုက်ပျိုးရေ ရယူပြီးတော့ မိုးစပါးသီးနှံများကို ဇွန်လကုန်ပိုင်းကစပြီး အားသွန်ခွန်စိုက် ကြိုးပမ်းစိုက်ပျိုးရွက်ခဲ့ကြပါတယ်။ တောင်သူတွေရဲ့ ကြိုးပမ်းစိုက်ပျိုးမှုကြောင့် ဒီနှစ်မှာ သတ်မှတ်လျာထားဧကထက် ၅၅၁ ဧက ကျော်လွန် စိုက်ပျိုးနိုင်ခဲ့ပါတယ်။  နောက်ပြီး ကျွန်မတို့ ပွင့်ဖြူမြို့နယ်ဟာ စိုက်ပျိုးရေ အဆင်ပြေတဲ့အပြင် စိုက်ပျိုးမြေကလည်း မျှတကောင်းမွန်တဲ့အတွက် ဆန်စပါးသီးနှံစိုက်ပျိုးရေးလုပ်ငန်းဟာ အောင်မြင်ဖြစ်ထွန်းမှု လည်းရှိပါတယ်။ ကျွန်မတို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကလည်း ဒေသခံတောင်သူများကို မိုးစပါးသီးနှံစိုက်ပျိုးရာတွင် အဆင်ပြေစေရေးအတွက် လိုအပ်တဲ့ စိုက်ပျိုးရေးသုံး သွင်းအားစု ပစ္စည်းများ ထောက်ပံ့ပေးတဲ့အပြင် နိုင်ငံတော်အစိုးရကလည်း ဓာတ်မြေဩဇာများကို သက်သာသောဈေးနှုန်းနဲ့ ဖြန့်ဖြူး ရောင်းချပေးခဲ့ပါတယ်။ ခုဆိုရင် ဒေသခံတောင်သူများ အားထားစိုက်ပျိုးတဲ့ မိုးစပါးသီးနှံစိုက်ခင်းများဟာ ဖြစ်ထွန်းအောင်မြင်လျက်ရှိပါတယ်" ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ မိုးစပါးနှင့် အခြားမိုးသီးနှံ စိုက်ပျိုးရာ၌ တောင်သူတစ်ဦးချင်းအလိုက် သီးနှံအထွက်နှုန်း ကောင်းမွန်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နယ်မြေအလိုက် ကွင်းတာဝန်ခံဝန်ထမ်းများက အနီးကပ်ကြီးကြပ်ကာ လိုအပ်သော စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်များနှင့် သွင်းအားပစ္စည်း အချိုးကျသုံးစွဲနည်းစနစ်များကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသလို မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှလည်း စိုက်ပျိုးရေလုံလောက်စွာ စနစ်တကျ ဖြန့်ဝေပေးမှုကြောင့် မိုးစပါးသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။  ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ အဓိက စိုက်ပျိုးသည့် စပါးသီးနှံများမှာ ဧရာမင်း၊ ပခန်းရွှေဝါ၊ ရတနာတိုး၊ ဆင်းသုခ၊ မနောသုခ၊ ပေါ်ဆန်းရင်၊ ဆင်းသိင်္ဂီ၊ သီးထပ်ရင်၊ ချမ်းမြေ့မေ စသည့် စပါးမျိုးများကို အားထားစိုက်ပျိုးကြကြောင်း သိရသည်။   

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)