ရွှေဘို နိုဝင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန (Community Centre) ခန်းမတွင် စပါးခင်းများတွင် အဓိကဖျက်ဆီးတတ်သည့် ကြွက်အန္တရာယ် ကာကွယ်နှိမ်နင်းနည်းလမ်းများအကြောင်း အသိပညာပေး (Talk Show) ကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးမြင့်စန်းက အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးရွှေဘိုခရိုင် စိုက်ပျိုးရေးဦးစီး ဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာမင်းက ရွှေဘိုခရိုင်သည် နွေစပါး၊ မိုးစပါးမျိုးကောင်း မျိုးသန့်များကို အများဆုံးစိုက်ပျိုးလျက်ရှိရာ စပါးခင်းများတွင် အဓိကဖျက်ဆီးတတ်သည့် ကြွက်အမျိုးမျိုး နှင့် မြန်မာနိုင်ငံတွင် အဓိကကျရောက် ဖျက်ဆီးသည့် ကြွက်မျိုးစိတ်များ၊ အရွယ်ရောက်ကောင်၏ အတိုင်း အထွာများ၊ ကြွက်ပေါက်ပွားမှုနှင့် သီးနှံစိုက်ပျိုးချိန် ဆက်စပ်မှုများ၊ ကြွက်များ၏ နေထိုင်ပုံအလေ့အထနှင့် ဖျက်စီးနိုင်မှုစွမ်းရည်၊ တဖြည်းဖြည်းသေစေသည့် ကြွက်သတ်ဆေး၊ နာရီပိုင်းအတွင်း အမြန်သေစေသော ကြွတ်သတ်ဆေး သတိပြုရမည့် အချက်များ၊ လိုက်နာရမည့် အချက်များ ကြွက်ကာကွယ် နှိမ်နှင်းမှုစတင်ဆောင်ရွက်ရမည့် အချိန်၊ အဆိပ်မသုံးသော ကာကွယ်နှိမ်နှင်း နည်းများ စသည်တို့ကို အကျယ်တဝင့် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်ခြင်းများကို Online စနစ်ဖြင့် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန် အသိပညာပေး Talk Show အစီအစဉ်များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း ၍ We love Shwe Bo Facebook Page တွင် စဉ်ဆက်မပြတ် စီစဉ်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)