တောင်တွင်းကြီး နိုဝင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ တရုတ်ကောအုပ်စု၊ သဖန်းကုန်းကျေးရွာတွင် မိသားစုတစ်နိုင်တစ်ပိုင်အဖြစ် ရာသီပေါ် ဆီးဖြူသီးအမှုန့်လုပ်ငန်းလုပ်ကိုင်ကြသူများ ဈေးကောင်းရ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
"ကျွန်မတို့မိသားစုက ဆီးဖြူသီးပေါ်တဲ့ သီတင်းကျွတ်လဆန်းကနေ တပေါင်းလကုန်အထိ ဆီးဖြူသီးအမှုန့်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်း လုပ်ကြပါတယ်၊ တစ်နိုင်တစ်ပိုင်ဆိုပေမယ့် မိသားစုအပိုဝင်ငွေအတွက် အဆင်ပြေပါတယ်၊ ဆီးဖြူသီးအမှုန့်လုပ်တာကတော့ ပထမဆုံး အနေနဲ့ ဆီးဖြူသီးအလုံးတွေကို အလုံးအနုအရင့်ရွေးပြီး မောင်းစင်နဲ့ အမှုန့်ဖြစ်အောင် ထောင်းရပါတယ်။ ထောင်းပြီးသားအမှုန့်တွေကို အရည်ညစ်ပြီးတော့ ညစ်ပြီးသားအမှုန့်တွေကို ကြာရှည်စားသုံးနိုင်ဖို့အတွက် ဆားပက်ပြီးဖြန့်လှန်း၊ လှန်းပြီးရင် အစေ့ကွဲရွေးရပါတယ်၊ အဲ့လိုအဆင့်ဆင့်လုပ်ပြီးမှ ဈေးကွက်ကိုတင်သွင်းရတာပါ" ဟု ဆီးဖြူသီးလုပ်ငန်းလုပ်ကိုင်သူ မရီစန်းက ပြောသည်။
ဆီးဖြူသီးအမှုန့်လုပ်ငန်းလုပ်ကိုင်ရာတွင် ကုန်ကြမ်းဖြစ်သည့် ဆီးဖြူသီးကို အလုံးတစ်တင်းလျှင် ၇၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်ထိ ပေးဝယ်ရကြောင်း၊ မောင်းထောင်းခအနေဖြင့် အလုံးတစ်တင်းကို ၂၅၀၀ ကျပ်၊ အရည်ညှစ်ခတစ်တင်းကို ၅၀၀ ကျပ်၊ အစေ့ကွဲရွေးခအဖြစ် တစ်တင်းကို ၅၀၀ ကျပ် ပေးငှါးရကြောင်း၊ ဆီးဖြူသီးအမှုန့် တစ်တင်းကို ၂၅၀၀၀ ကျပ် ရောင်းရကြောင်းနှင့် တောင်တွင်းကြီးမြို့နယ်အပြင် မကွေး၊ အောင်လံ၊ ပြည်၊ နတ်မောက်၊ မြို့သစ်၊ ကျောက်ပန်းတောင်း စသည့်မြို့နယ်များအထိ ဖြန့်ဖြူးရောင်းချနေရကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ် သဖန်းကုန်းကျေရွာမှ မိသားစုတစ်နိုင်တစ်ပိုင်အဖြစ် ပြုလုပ်သည့် ဆီးဖြူသီးအမှုန့်လုပ်ငန်းကို ဆီးဖြူသီး ပေါ်ချိန်ဖြစ်သည့် သီတင်းကျွတ်လမှ တပေါင်းလကုန်အထိ ဆောင်ရွက်ကြပြီး အညာဒေသတွင် ကထိန်အလှူပွဲ၊ ရဟန်းခံ၊ ရှင်ပြု၊ နားသအလှူမင်္ဂလာပွဲ၊ မင်္ဂလာဧည့်ခံပွဲများတွင် ဆီးဖြူသီးသုပ်၊ ဗလာဟင်းချို၊ ငါးကြော်၊ ငရုပ်သီးကြော်တို့ဖြင့် တွဲဖက်ကျွေးမွေး ဧည့်ခံကြသည့်အတွက် ယခုကာလအတွင်း ပိုမိုအရောင်းသွက်လျက်ရှိပြီး ဆီးဖြူသီးအမှုန့်လုပ်ငန်း လုပ်ကိုင်ကြသူများ အဆင်ပြေလျက် ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)