နတ်မောက်မြို့နယ်တွင် အိန္ဒိယဆီးဖြူပင်များ စမ်းသပ်စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

နတ်မောက် နိုဝင်ဘာ ၂

နတ်မောက်မြို့နယ်  ရပ်ကွက်/ကျေးရွာအချို့တွင် အိန္ဒိယမျိုးနွယ် ဆီးဖြူပင်များကို စမ်းသပ်စိုက်ပျိုး ခဲ့ရာ  အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ရှေးနှစ်ပေါင်းများစွာကတည်းက နတ်မောက်မြို့နယ်အတွင်း ခင်ကျောများ၊ မြေလွတ်မြေရိုင်းများ၊ တောင်ခြေ ဆင်နှာမောင်းမြေများတွင်  ဆီးဖြူပင်များ အလေ့ကျသဘာ၀ပေါက်သည့် အပင်များအဖြစ် ရှင်သန်ခဲ့ကြောင်း၊ သားရှင်ပြုအလှူပွဲများ၊ ဘုံကထိန်ပွဲများတွင် အလေ့ကျပေါက်ရောက်ခဲ့သည့် ဆီးဖြူပင်မှ ဆီးဖြူသီးများကို ခူးဆွတ်ထုထောင်းကာ ဆီးဖြူသီးအသုပ်ပြုလုပ်ပြီး ဗလာဟင်းချိုဖြင့် ဧည့်ခံကျွေးမွှေးလေ့ရှိကြောင်း လွန်ခဲ့သောနှစ်ပေါင်း(၄၀)ခန့်တွင်  အုတ်ဖုတ်သည့်လုပ်ငန်းရှင်များက ဆီးဖြူပင်ကို အုတ်ဖုတ်ရန် ထင်းအဖြစ် ခုတ်ယူအသုံးပြုကြသဖြင့် ယခုအခါ ခင်ကျောများ မြေလွတ်မြေရိုင်းများတွင် ဆီးဖြူပင်များမရှိတော့ကြောင်း  လျှော်တောင်ရွာမှ ဦးလှစိန်ကရှင်းပြသည်။

ဆီးဖြူပင်ကို ဆောင်းရာသီအစာအာဟာရအဖြစ် စားသုံးလိုသော်လည်း ရှားပါးသီးနှံ စာရင်းဝင်ဖြစ် နေ၍ မိသားစုတစ်နိုင်တစ်ပိုင်စားသုံးရန် အိံန္ဒိယမျိုးနွယ် ဆီးဖြူပင်များကို မြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာအချို့တွင် စမ်းသပ်စိုက်ပျိုးလာကြရာ ယခုအခါ ခူးဆွတ်စားသုံးရသည့်အထိ အောင်မြင်ဖြစ်ထွန်းလာကြောင်း သိရသည်။

“ကျမရဲ့ခြံထဲမှာ အိန္ဒိယဆီးဖြူပင်နှစ်ပင် စိုက်ပျိုးထားပါတယ်။ ဆီးဖြူပျိုးပင်ကို မော်လမြိုင်က မှာယူပြီး   စိုက်ခဲ့တာ အခုဆိုရင် အပင်သက်တမ်း(၃)နှစ်ရှိပါပြီ ၊ ဆီးဖြူပင်စိုက်ရတာ အရမ်းဂရုမစိုက် ရပါဘူး၊ ပုံမှန်    ရေလောင်းပေးတာလောက်ပဲရှိတာပါ။ ကျမစိုက်ပျိုးထားတဲ့  ဆီးဖြူပင်တွေဟာ ယခုနှစ် ဝါခေါင်လကုန်ကာနီး  အသီးသီးပါတယ်။ အိန္ဒိယဆီးဖြူသီးက ဗမာသီးထက် အသီးအလုံး ပိုပြီးထွားပါတယ်၊ မိသားစုစားသုံးလို့ပိုလျှံ တဲ့ဆီးဖြူသီးတွေကို တစ်ပြီ ၂၅၀၀ ကျပ်နဲ့ရောင်း ချရပါတယ်ဟု” ဟု န-လက်ခုပ်ပင်ကျေးရွာမှ ဒေါ်တင်ဝင်းက ပြောသည်။

မိသားစုတစ်နိုင်တစ်ပိုင်အဖြစ် စိုက်ပျိုးကြရာတွင် နတ်မောက်မြို့ ရပ်ကွက်/ကျေးရွာအချို့တွင် မြို့နယ်  သစ်တောဦးစီးဌာနမှ ဖြန့်ဖြူးပေးထားသော ဆီးဖြူပျိုးပင်များ၊ မော်လမြိုင်၊ မန္တလေးစျေးကွက်မှ အိန္ဒိယ   ဆီးဖြူပျိုးပင်များကို မှာယူစိုက်ပျိုးထားရှိကြောင်း သိရသည်။

မူမူစန်း