(၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းသား/ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေး နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်

လိပ်သို နိုဝင်ဘာ ၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ ကျောင်းသူများ စာဖတ်ရှိန် မြင့်မားပြီး အသိပညာ တိုးပွားစေရေးအတွက် ယမန်နေ့နံနက် ၁၀ နာရီအချိန်က နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးခြင်း၊ အသိပညာပေး နံရံကပ်စာစောင်များ ခင်းကျင်းပြသပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ရာတွင် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးပြုကြရေး၊ ကျောင်းစာကို ကြိုးစားကြသလို  ဗဟုသုတတိုးပွားရေးအတွက်  အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများတို့ကို ဆွေးနွေးပြီး ကျောင်းသား/ ကျောင်းသူများက ခင်းကျင်းထားသည့် စာအုပ်စာစောင်များကို  စိတ်ကြိုက်ရွေးချယ် ဖတ်ရှုကာ စာဖတ်စွမ်းရည် ယှဉ်ပြိုင်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းတွင် ကျောင်းသား/ကျောင်းသူများ ဖတ်ရှုလေ့လာနိုင်ရန် ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ စာစောင်များ စသည့် ကလေးများ အသိပညာ တိုးပွားရေး စာအုပ်စာပေများကို  ခင်းကျင်းပြသခြင်း၊ လက်ဝယ်အရောက် ငှားရမ်းပေးခြင်းတို့အပြင်  အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်သည့် သိမှတ်ဖွယ်ရာများ၊ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးနံရံကပ်စာစောင်များတို့ကို ခင်းကျင်းပြသရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ  ကြည့်ရှုလေ့လာခဲ့ကြသည်။

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်  ကျောင်းသား/ကျောင်းသူ လေးများ အသိပညာ ဗဟုသုတ တိုးပွားစေရေးအတွက် စာအုပ်စာစောင်များကို  လက်ဝယ် အရောက် ငှားရမ်းပေးခြင်း လုပ်ငန်းတို့အပြင်  စာဖတ်ရှိန် မြှင့်တင်ရေး ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့်  ဒေသနေပြည်သူများ အသိပညာ ဗဟုသုတ တိုးပွားစေရေးအတွက်  Online မှတစ်ဆင့်  Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးခြင်းတို့ကိုလည်း ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)