လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာနတွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်အကြောင်း အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

လိပ်သို နိုဝင်ဘာ ၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် အကြောင်း အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၁  နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း (Mask)များ တပ်ဆင်ရန်၊ လက်ကို မကြာခဏ ဆေးရန်နှင့် ကိုဗစ်ကာကွယ်ရေး နည်းလမ်းများအတိုင်း လိုက်နာကျင့်သုံး ကြရန်၊ နှာချေ၊ ချောင်းဆိုးသည့်အခါတိုင်း လိုက်နာရမည့် ကျင့်ဝတ်များ စသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ဆောင်ရန်၊ ရှောင်ရန်များနှင့် ကျောင်းသား/ကျောင်းသူ လူငယ်များ သိသင့်သိထိုက်သည့် အထွေထွေ ဗဟုသုတများကို ဟောပြောခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများ တက်ရောက်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (Mask) များနှင့် သကြားလုံးများကို ဝေငှပေးခဲ့ကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)