လိပ်သို နိုဝင်ဘာ ၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်အကြောင်း အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း (Mask)များ တပ်ဆင်ရန်၊ လက်ကိုမကြာခဏဆေးရန်နှင့် ကိုဗစ်ကာကွယ်ရေး နည်းလမ်းများအတိုင်း လိုက်နာကျင့်သုံး ကြရန်၊ နှာချေ၊ ချောင်းဆိုးသည့်အခါတိုင်း လိုက်နာရမည့် ကျင့်ဝတ်များ စသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ဆောင်ရန်၊ ရှောင်ရန်များနှင့် ကျောင်းသား/ကျောင်းသူ လူငယ်များ သိသင့်သိထိုက်သည့် အထွေထွေဗဟုသုတများကို ဟောပြောခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများ တက်ရောက်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက (Mask) များနှင့် သကြားလုံးများကို ဝေငှပေးခဲ့ ကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)