ပွင့်ဖြူ နိုဝင်ဘာ ၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့မစည်ပင်သာယာဈေးအနီး ဖွင့်လှစ်ရောင်းချနေသည့် ပျံကျဈေးသည်များ စည်းကမ်းတကျ ဈေးရောင်းချရန်နှင့် စွန့်ပစ်အမှိုက်များ စည်းကမ်းမဲ့စွန့်ပစ်ခြင်းများ မပြုလုပ်ရေး ကွင်းဆင်းပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ဦးဆောင်မှုဖြင့် ဈေးတာဝန်ခံနှင့်ဝန်ထမ်းများက ကွင်းဆင်းအသိပညာပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့် ဦးဆောင်၍ မြို့မစည်ပင်သာယာဈေးတာဝန်ခံနှင့် ဝန်ထမ်းများ၊ ဈေးကော်မတီဝင်များ ပူးပေါင်းအဖွဲ့က မြို့မဈေးအနီး ဟင်းသီးဟင်းရွက်နှင့် သားငါးများ ဖွင့်လှစ်ရောင်းချနေသည့် ဈေးသည်များကို တွေ့ဆုံကာ စားသောက်ကုန်ပစ္စည်းများ ရောင်းချရာ၌ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရန် ပါးစပ်နှာခေါင်းစည်း(Mask) စနစ်တကျ တပ်ဆင်၍ ရောင်းချသွားရန်၊ စွန့်ပစ်အမှိုက်များ ရေနုတ်မြောင်းများအတွင်း စည်းကမ်းမဲ့စွန့်ပစ်ခြင်းများ မပြုလုပ်ရန်နှင့် ဈေးရောင်းချပြီးချိန်တွင် ဈေးဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရန် သန့်ရှင်းရေး စနစ်တကျဆောင်ရွက်သွားရန်တို့ကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နေပြည်သူများ မီးဖိုချောင်သုံး စွန့်ပစ်အမှိုက်များ စနစ်တကျစွန့်ပစ်နိုင်ရန်အတွက် အမှိုက်သိမ်းယာဉ်ဖြင့် ရပ်ကွက်များအတွင်း လှည့်လည်ကာ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ပြီး မီးဖိုချောင်သုံးစွန့်ပစ်အမှိုက်များကို လိုက်လံသိမ်းဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )