ဒေးဒရဲမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များ အသိပညာပေး လိုက်လံကြေညာ

ဒေးဒရဲ နိုဝင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနက ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးစေရန် ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များကို ပြည်သူများ လိုက်နာဆောင်ရွက်နိုင်ရေး အသိပညာပေး လိုက်လံကြေညာခြင်းကို ယနေ့ နံနက်ပိုင်းက စတင်၍ မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အသိပညာပေး ဆောင်ရွက်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဟန်ဝင်းစိုးနှင့် ဝန်ထမ်းများက ပြည်သူ များလိုက်နာရမည့် စည်းကမ်းချက်များဖြစ်သည့် အိမ်တိုင်းတွင် တောင့်တင်း ခိုင်မာသော မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံး၊ လှေကား အသင့်ထားရှိရန်၊ မီးဖိုအား မီးမလောင်လွယ်သော သွပ်ပြား၊ သံပြား၊ အုတ် စသည်တို့ဖြင့် စနစ်တကျခင်း၍ အသုံးပြုရန်၊ မီးဖိုအသုံးပြု တိုင်း လူစောင့်အမြဲရှိရန်နှင့်  မီးကြွင်း၊ မီးကျန်များကို စနစ်တကျ ငြှိမ်းသတ်ရန်၊ မီးဖိုအနီး လောင်စာဆီနှင့် လောင်စာပစ္စည်းများ မထားရန်၊ သက်ကြီးရွယ်အိုနှင့် ကလေးများအား မီးကို အသုံးမပြုစေရန်၊ ဖယောင်းတိုင်၊ အမွှေးတိုင်၊ ခြင်ဆေးခွေ အသုံးပြုပါက မီးမလောင်လွယ်သော အောက်ခံခွက်များ အသုံးပြုရန်၊ နေအိမ်ခြံဝန်းအတွင်း အမှိုက် သရိုက်များ ရှင်းလင်းထားရန်၊ ဟောင်းနွမ်းဆွေးမြည့်နေသော ဝါယာကြိုးများ၊ ချို့ယွင်းပျက်စီးနေသော လျှပ်စစ်ပစ္စည်းများ အသစ်လှဲလှယ် အသုံးပြုရန်၊ ဌာနဆိုင်ရာများ၊ စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံများ၊ ပုဂ္ဂလိက လုပ်ငန်းများ၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ အနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေး ဆိုင်ရာ ပစ္စည်းကိရိယာများကို မြို့နယ်မီးသတ်ဦးစီးဌာန ညွှန်ကြားချက်များနှင့် အတိုင်း ပြည့်စုံစွာ အဆင်သင့် တပ်ဆင်ထားရှိရေး၊ အနှေးယာဉ်၊ အမြန်ယာဉ်များပေါ်နှင့် လမ်းသွားရင်း ဆေးလိပ်မသောက် ရန်စသည့် စည်းကမ်းချက်များ ပြည်သူ့အကျိုးပြု လုပ်ငန်းများအဖြစ် အသိပညာပေး လိုက်လံကြေညာ ပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း