ရေဦး နိုဝင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ရပ်ကွက်ကျေးရွာတချို့တွင် တပိုင်တနိုင်အဖြစ် အာဆီယံ သပြေ များ စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြရာ ရေဦးမြို့ အောင်မင်္ဂလာရပ်ကွက် မူးမြစ်အနီးတွင် သပြေစိုက်ပျိုး လုပ်ကိုင်ခြင်းဖြင့် မိသားစုပုံမှန်ဝင်ငွေရရှိနေကြောင်း သိရသည်။
သပြေပန်းသည် မြန်မာလူမျိုးတို့၏ ဓလေ့ထုံးတမ်းအရ သပြေပန်းများ ဝယ်ယူပြီး ဘုရားလှူ အောင်အိုးထိုးပူဇော်ကြသည်။ စံပယ်ပန်း ရွှေပန်း၊ ငွေပန်း၊ နှင်းဆီပန်း အာဆီယံသပြေပန်းအစုံ ကို သင့်ရာနည်းဖြင့် လှည့်လည်ရောင်းချကြသည့် ပန်းသည်များကို ရပ်ကွက်များ ဈေးများတွင် တွေ့နေရသည်။ အာဆီယံသပြေပန်း တစ်စည်းကိုငွေ ၂၀၀ ကျပ်ဖြင့် ရောင်းချရကြောင်း ဈေးရောင်းသူတစ်ဦး၏ ပြေပြချက်အရ သိရသည်။
ရေဦးမြို့နယ် အောင်မင်္ဂလာရပ်ကွက် မူးမြစ်အနီးတွင် အိမ်ခြံမြေနှင့်တွဲလျှက် မြေကွက်လပ် ၁ ဒသမ ၂၀ ဧကအတွင်း စိုက်ပျိုးထားသည့် အာဆီယံသပြေခြံသို့ သွားရောက်လေ့လာခဲ့ရာ ပျိုးပင်တစ်ပင်ကိုငွေ ၁၅၀၀ ကျပ်နှုန်းဖြင့် စိုက်ပျိုးရေးခြံများမှမှာယူ၍ စိုက်ပျိုးခြင်းဖြစ် ကြောင်း၊ ပင်ခြား ၃ ပေ၊ တန်းခြား ၄ ပေဖြင့် အပင် ၅၀၀ ခန့်စိုက်ပျိုးထားကြောင်း စိုက်ပျိုးပြီး ၆ လပြည့်လျှင် စတင်ကိုင်းဖြတ်နိုင်ကြောင်း အပင်ငယ်သေးအချိန်မှာတော့ အညွန့်အတက် အထွက်နည်းကြောင်း သုံးနှစ်ကျော်လာလျှင် အညွန့်များ နေ့တိုင်းခူး၍ရကြောင်း၊ အပင်များကြားတွင် ကြားပေါင်းနုတ်ခြင်း မြေဩဇာအချိုးတူ ကျွေးခြင်း၊ နွေရာသီတွင်ရေသွင်းပေးခြင်းပြု လုပ်ပေးရကြောင်း၊ ခြောက်လတစ်ကြိမ်သွင်းအားစု မြေဩဇာထည့်ပေး ရသည့် ကုန်ကျစရိတ် အနည်းငယ်ရှိကြောင်း သိရသည်။
ပန်းတစ်စည်းကို အခက် ၁၃ ခက်မှ ၁၅ ခက်အထိ စည်းထားပြီး ၁၀ စည်းလျှင် ၇၀၀ ကျပ်ဖြင့် ပန်းခြံသို့ လာဝယ်သူရှိပါကြောင်း၊ တစ်ရက်လျှင် ၃၀၀၀ ကျပ်ဖိုး နေ့စဉ်ရောင်းရကြောင်း တစ်လ လျှင်ငွေတစ်သိန်း ကျပ်နီးပါး ဝင်ငွေရရှိလျက်ရှိကြောင်း၊ ပျိုးပင်ပေါက်ဖိုး အရင်းကျေသွားပြီဖြစ် သောကြောင့် ယခုအချိန်မှာ အမြတ်ရရှိနေပြီး မိသားစုဝမ်းရေးအတွက် ပုံမှန်ဝင်ငွေရရှိလျက် ရှိပါတယ်ဟု အာဆီယံသပြေခြံပိုင်ရှင် ဒေါ်ဝင်းထီ၏ ပြောပြချက်အရ သိရသည်။
သန်းထိုက် (ရေဦး)