ဖြူး နိုဝင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းရာသီရောက်လာသည်နှင့်အမျှ မီးလောင်မှုများနှင့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာပါက ဆောင်ရွက်ပေးနေကြသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေးစွမ်းရည်ရှိစေရေးအတွက် ရည်ရွယ်ကာ အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၂)သင်တန်းဖွင့်ပွဲကို နိုဝင်ဘာလ(၁)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ဖြူးမြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစောမင်းသူက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် မိမိတို့ရပ်ရွာဒေသတွင် ဖြစ်ပေါ်လာသော မီးဘေး၊ သဘာဝဘေးများ ဖြစ်ပေါ်လာပါက ကူညီဆောင်ရွက်ပေးကြရသူများဖြစ်သည့်အတွက် ဂုဏ်ယူရပါကြောင်း၊ ဒီနေ့သင်တန်းသည် အရေးကြုံပါက သက်လုံကောင်းစေဆိုသည့်အတိုင်း စိတ်ဓါတ်ကြံ့ခိုင်ရေး၊ လေ့ကျင့်စွမ်းရည်ကောင်းမွန်စေရေးအတွက် မွမ်းမံသင်တန်းများ ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း စသည်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်အဖြစ် နှစ်ကာလကြာရှည်စွာတာဝန်ထမ်းဆောင်သူများအား ဂုဏ်ပြုမှတ်တမ်းနှင့် ကညွတ်ကွင်းမြို့၊ ဇေယျဝတီမြို့၊ ညောင်ပင်သာဒေသများရှိ အရန်မီးသတ် တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ပေးသောတူညီဝတ်စုံများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ပေးအပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ကညွတ်ကွင်းမြို့၊ ဇေယျဝတီမြို့၊ ညောင်ပင်သာဒေသများမှ အရန်မီးသတ် တပ်ဖွဲ့ဝင်(၅၀)ဦး တက်ရောက်ပြီး သင်တန်းကာလ(၄)ပတ်ကြာမြင့်မည်ဖြစ်ကြောင်းနှင့် ဖြူးမြို့နယ်အတွင်း ၂၀၁၂ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ (၁၀)နှစ်တာကာလအတွင်း မီးလောင်မှု(၄၀)ကြိမ် ဆုံးရှုံးမှုတန်ဖိုး(၂၁၂)သိန်း၊ အသက်ဆုံးရှုံးသူ(၂)ဦးရှိကြောင်း ဖြူးမြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)