ကသာ နိုဝင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် “ဘက်စုံပညာထူးချွန် ဆုပေးပွဲ” အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားကို ကသာမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း အဋ္ဌမတန်း ကျောင်းသား/ကျောင်းသူလေးများမှ “မြန်မာ့ကျောင်းသီချင်းဖြင့်” ဖွင့်လှစ်ပေးခဲ့ပြီး ခရိုင်ပညာ ရေးမှူး ဦးကျော်ဌေးဝင်းနှင့် မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဝင်းတို့က အမှာစကားပြောကြား သည်။ ထိုသို့ အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသား မိဘများအအနေဖြင့် စည်းကမ်းလိုက်နာခြင်းသည် ပထမ၊ သင်ကြားရေးသည် အဓိက၊ ဘက်စုံ ပညာရေးသည် ထာဝရဟူသော ဆောင်ပုဒ်နဲ့အညီ စိတ်ဓာတ်၊ စည်းကမ်းကောင်းပြီး ပညာရည် ပြည့်ဝသူများ ဖြစ်ရန်လိုအပ်ကြောင်း၊ သို့မှသာ မိမိတိုင်းပြည်အတွက် တန်ဖိုးရှိမှာဖြစ်ကြောင်း၊ မိမိနိုင်ငံကို ချစ်တဲ့စိတ်၊ လူမျိုးကိုချစ်တဲ့စိတ်၊ စည်းကမ်းလိုက်နာပြီး ပညာသင်ယူလိုစိတ် ရှိအောင် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများနှင့် မိဘများအားလုံး ဝိုင်းဝန်းဆောင် ရွက်ရန်တိုက်တွန်းလိုကြောင်း၊ ဘက်စုံပညာ ထူးချွန် သည့် ကျောင်းသား၊ ကျောင်းသူများဖြစ်အောင် ကြိုးစားသင်ယူသွားကြရန် လိုအပ်ကြောင်းတို့ကို ပြောကြားခဲ့ကြသည်။
ဆက်လက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုပွဲများတွင် ထူးချွန်းဆုရရှိသော ကျောင်းသား/ ကျောင်းသူ များကို ခရိုင်ပညာ ရေးမှူး ဆရာကြီး ဦးကျော်ဌေးဝင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဝင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စောကလျာနှင့် ဆရာ၊ ဆရာမများက ဆုများအသီးသီး ချီးမြှင့် ပေးအပ်ခဲ့ပြီး ကသာမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အဋ္ဌမတန်း ကျောင်းသား၊ ကျောင်းသူလေးများက “ဇာတိမာန်” သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ကျော်စွာ(ကသာ)