ဟားခါး နိုဝင်ဘာ ၁
၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာ ၁ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက် အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင် ပြည်နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလားကို ဘော်လီဘော(ကျား/မ)၊ U-18 ဘောလုံး(မ)၊ ဂေါက်သီးရိုက် (ကျား)၊ ပိုက်ကျော်ချင်း (ကျား)၊ မြန်မာ့သိုင်း (ကျား/မ)၊ U-25 ပြေးခုန်ပစ် (ကျား/မ)စသည့် အားကစားပြိုင်ပွဲများကို နေပြည်တော်ရှိ အားကစားကွင်းများနှင့် အားကစားရုံများတွင် ကျင်းပပြုလုပ်မည် ဖြစ်ရာ ချင်းပြည်နယ်အနေဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် လိုအပ်သည့်ကြိုတင် လေ့ကျင့်၊ ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရေးအတွက် အစည်းအဝေးတက်ရောက်လာကြသူများမှ ဆွေးနွေးတင်ပြကြစေလိုကြောင်း ဖြင့် အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်နယ်အားကစားနှင့် ကာယပညာကော်မတီ ဒုတိယဥက္ကဋ္ဌ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်နှင့် ပြည်နယ်အားကစားနှင့် ကာယပညာကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးကိုယ်စား လက်ထောက် ညွှန်ကြားရေးမှူးတို့က နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲများသို့ ချင်းပြည်နယ်မှ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး အစည်းအဝေးတက်ရောက်လာကြသည့် ပြည်နယ်အဆင့် အားကစားနှင့်ကာယပညာ ကော်မတီဝင်များက ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ဆက်လက်၍ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့က အကြံပြုဖြည့်စွက် ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
မောင်ထွန်းတောက်
ဟားခါးခရိုင် (ပြန်/ဆက်)