နတ်တလင်းမြို့နယ်တွင် လေဘေးသင့် အမိုးလန်နေအိမ်(၁)လုံးအတွက် ထောက်ပံ့ငွေပေးအပ်

နတ်တလင်း နိုဝင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် လေဘေးသင့် အိမ်ထောင်စုအားဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကို ယမန်နေ့က နတ်တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ လေဘေးသင့်အိမ်ထောင်စုများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါထောက်ပံ့ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဇီးကုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုမြတ်ထွေးနှင့် ဝန်ထမ်းများ ပူးပေါင်း၍ အောက်တိုဘာ ၂၈ရက်နေ့က ပွဲသာကျေးရွာအုပ်စု၊ သပြေစမ်းကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့်ဖြစ်ပွားခဲ့သည့် အမိုးလန်နေအိမ် (၁)လုံးအတွက်  အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀,၀၀၀)ကျပ်၊ အိမ်ထောင်စုရှိလူဦးရေ (၄)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုး ထောက်ပံ့ငွေ(၈၄၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၈၄၀၀)ကျပ်အား  လေဘေးသင့်အိမ်ထောင်စုထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)