အိမ်မဲ နိုဝင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ အိမ်မဲမြို့နယ်အတွင်း နေကြာသီးနှံစိုက်ပျိုးမည့် (၃၂၆၂)ဧကထဲမှ တောင်သူများအား နေကြာသီးနှံမျိုးစေ့ ပေးအပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီ ၃၀ မိနစ်တွင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။
ရှေးဦးစွာ အိမ်မဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးတင်မောင်ဦးက အဖွင့်အမှာစကား ပြောကြားရာတွင် “နေကြာသီးနှံစိုက်ပျိုးမည့် စိုက်ဧက (၃၂၆၂) ဧကတွင် မျိုးစေ့ ပထမ အကြိမ် (၄၀၀)ဧက၊ ယခု ဒုတိယအကြိမ် (၉၀၀)ဧက စုစုပေါင်း(၁၃၀၀) ဧက စာ ဖြန့်ဝေပေးခဲ့ ပါသည်။တောင်သူများအနေဖြင့် ရရှိပြီးသော မျိုးစေ့များအား နေ (၄) ရက်ခန့် လှန်းပြီး စိုက်ပျိုးပါက မျိုးစေ့အပင်ပေါက်နှုန်း (၈၀)ရာခိုင်နှုန်းအထက်ရရှိမည် ဖြစ်ကြောင်း၊ လာမည့်နှစ် ဆောင်းရာသီတွင် နေကြာစိုက်ပျိုးရန် အခက်အခဲမရှိစေရေးအတွက် ရေဆင်းစပ်မျိုး (၁)နှင့် ဆင်းရွှေကြာ (၂) ၄၈ ဧက ကို မျိုးသန့်မျိုးပွား အကွက်များဖြင့် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
ဆက်လက်ပြီးအိမ်မဲ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦး ကားလမ်းဘေးဖြစ်သော ကျေးရွာများတွင် ဆီထွက်သီးနှံနေကြာအား အဓိကထား စိုက်ပျိုးရန် ထည့်သွင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် တောင်သူများက ဆီထွက်သီးနှံနေကြာ စိုက်ပျိုးမည့်အကြောင်း အရာများကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့မှ ဖြေကြား ပေးခဲ့သည်။ ဆက်လက်ပြီး မြို့နယ်စိုက်တိုးမြှင့်အဖွဲ့မှ တာဝန်ရှိသူများက နေကြာသီးနှံစိုက်ပျိုးမည့် တောင်သူများအား ဧက(၉၀၀)စာမျိုးစေ့များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် နေကြာသီးနှံကို (၃၂၆၂) ဧက စိုက်ပျိုးမည်ဖြစ်ပြီး မျိုးစေ့(၁၃၀၀)ဧကစာ ဖြန့်ဝေပြီးစီးပြီး ကျန်ရှိသောဧက (၁၉၆၂)ကို နိုဝင်ဘာလအတွင်း ဆက်လက် ဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ချစ်သက်လယ်(အိမ်မဲ)