ပေါက်ခေါင်းမြို့နယ် ဒေသခံ‌များ စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်နှင့် သီးနှံမျိုးစုံမှ နေ့စဉ်ဝင်ငွေရရှိ

ပေါက်ခေါင်း နိုဝင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးသည့် ဟင်းသီးဟင်းရွက်နှင့် သီးနှံမျိုးစုံ စိုက်ပျိုးရောင်းချခြင်းဖြင့် နေ့စဉ်ဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

ထိုသို့စိုက်ပျိုးရာတွင် ယခင်ကအနည်းငယ်သာ စိုက်ပျိုးသော်လည်း ယခုအခါသီးနှံစိုက်ပျိုးရေး လုပ်ငန်းများကို စီးပွားဖြစ်တွင်ကျယ်စွာ စိုက်ပျိုးလာကြသည်။ စိုက်ပျိုးရေးနည်းပညာ အားကောင်းလာသည်အတွက် အထွက်နှုန်းနှင့် သီးနှုန်းအားကောင်းသည့် သီးနှံမျိုးများကို ရွေးချယ်စိုက်ပျိုးကြပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။ တောင်သူများ အဓိကစိုက်ပျိုးရောင်းချသည့် ဟင်းသီးဟင်းရွက်သီးနှံပင်များမှာ ပဲရှည်သီး၊ ခရမ်းသီး၊ မုန်လာဥ၊ ခရမ်းချဉ်သီး၊ ရုံးပတီ၊ သခွါး၊ ဆလပ်၊ ငရုတ်၊ ကြက်သွန်၊ ကြက်ဟင်းခါးသီးတို့အပြင် ဖူးစားပြောင်းနှင့် ကွမ်းပင်များကိုလည်း မြေအောက်ရေနှင့် ဆည်ရေသောက်တို့ အသုံးပြု၍ စိုက်ပျိုးကြသည်။

ကျေးရွာစိုက်ပျိုးရေးလုပ်ကိုင်သည့် တောင်သူများမှ (နွေ၊မိုး၊ဆောင်း)တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ရန် အဝီဇိတွင်းများတူးဖော်၍ ဟင်းသီး ဟင်းရွက်နှင့်သီးနှံပင်များကို ရာသီမရွေး စိုက်ပျိုးပြီး နေ့စဉ်ဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)