အထက်မင်းလှ နိုဝင်ဘာ ၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ပညာရေးဌာနမှ ကြီးမှူးကျင်းပသော အခြေခံပညာ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက မင်းလှအခြေခံပညာအထက်တန်းကျောင်း မင်းလက်ဝါးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှအဖွဲ့ဝင်ဦးစန်းအောင်က အမှာစကားပြောကြားပြီး၊ မြို့နယ်ပညာရေးမှူးဦးဇော်ဝင်းက အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် စီမံ၊ ဘဏ္ဍာ၊ ပညာ စသည့်အခန်းကဏ္ဍများ မြို့နယ်ပညာရေးမှူးက ဦးဆောင်ဆွေးနွေးမည်ဖြစ်ပြီး၊ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင် ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲသို့ မင်းလှမြို့နယ်အတွင်းရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းအုပ် ဆရာကြီး/ဆရာမကြီးများ စုစုပေါင်း(၁၆၁)ဦး တက်ရောက်ခဲ့ရာ အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၁ ရက်နေ့မှ ၂ ရက်နေ့အထိ (၂)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)