လှိုင်းဘွဲ နိုဝင်ဘာ ၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ ဘားအံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လှိုင်းဘွဲမြို့နယ်အတွင်းရှိ လူငယ်များအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုဆိုင်ကယ်စက်ပြင်သင်တန်းဆင်းပွဲ အခမ်းအနားနှင့် အိမ်တွင်းလျှပ်စစ်သွယ်တန်းနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် လှိုင်းဘွဲမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝင်းသန်းမှ “သင်တန်းသားများအနေဖြင့် မိမိတို့သင်ကြားတတ်မြောက်ထားသော ပညာရပ်များအား မိမိတို့၏ ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်နှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်စွာအသုံးချရန်နှင့် မိမိတို့ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်အတွင်းရှိ လူငယ်များကိုလည်းလက်တွဲ၍ သင်ကြားပေးရန်လိုအပ်ကြောင်း” အဖွင့်အမှာစကားပြောကြားပြီး လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒေါ်အေးမြန္ဒာထွန်းမှ ဖြည့်စွက်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်စက်ပြင်သင်တန်းဆင်း ဆုရသင်တန်းသားများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အိမ်တွင်းလျှပ်စစ်သွယ်တန်းနည်း သင်တန်းအတွက် လိုအပ်သော သင်ထောက်ကူပစ္စည်းများ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
စောဖိုးခွား(ပြန်/ဆက်)